ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၂၀၂၃ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်

      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းရှီပြည်နယ်၊ နန်ချန်းမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအကြိုအစည်းအဝေးအား နိုဝင်ဘာလ ၂၉ ရက်တွင်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကျန်းရှီပြည်နယ်အုပ်ချုပ်ရေးမှူး ရဲ့ကျန်းချန်း၊ Shanghai Cooperation Organization အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား တိုင်းရင်းဆေးပညာရပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းဆေးဝါးများ အရည်အသွေးကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၃၀ ရက်တွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ကျန်ကျုံးခေတ်မီတရုတ်တိုင်းရင်းဆေးဝါးထုတ်လုပ်မှုစက်ရုံနှင့် ပြခန်းသို့သွားရောက်လေ့လာရာ တာဝန်ရှိသူ များက တရုတ်တိုင်းရင်းဆေးဝါးများကို ခေတ်မီနည်းစနစ်များဖြင့်ထုတ်လုပ်နေမှု၊ အရည်အသွေးစစ်ဆေးနေမှုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖြန့်ဖြူးရောင်းချနေမှုတို့ကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် ဖိုရမ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာတွင်-

  • တိုင်းရင်းဆေးပညာဆိုင်ရာ မူပိုင်ခွင့်များကို ကာကွယ်ရန်နှင့် တိုင်းရင်းဆေးများကို တာဝန်သိသိ၊ ကျင့်ဝတ်သိက္ခာရှိရှိ သုံးစွဲကြောင်း သေချာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
  • တိုင်းရင်းဆေးထုတ်ကုန်များ၏ ဘေးကင်းမှုနှင့် အရည်အသွေးကို သေချာစေရန်အတွက် နိုင်ငံတကာစံနှုန်းများကိုလိုက်နာကာ ကုန်ကြမ်းနှင့် ဖြည့်စွက်ပစ္စည်းများအတွက် တင်သွင်းခွင့်ပြုချက်များကို ကြီးကြပ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ကျန်းစုဆေးဝါးထုတ်လုပ်မှု စက်ရုံ၊ တရုတ်တိုင်းရင်းဆေးကုသခန်းများ၊ တရုတ်တိုင်းရင်းဆေးဝါးပြခန်းများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ တာဂျစ် ကစ္စတန်၊ ဥဇဘတ်ကစ္စတန်နိုင်ငံအစရှိသည်တို့ ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂိုလီးယား အစရှိသည်တို့ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယားနိုင်ငံအစရှိသည်တို့ပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များက မိန့်ခွန်းပြောကြားခဲ့ကြပြီး ဖိုရမ်တွင် တိုင်းရင်းဆေးဝါး အရည်အသွေးကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်မှု ဆန်းသစ်တီထွင်ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ မူပိုင်ခွင့်ကာကွယ်ခြင်းကိစ္စရပ်များအား အဓိကဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၂-၂၀၂၃)

 

  • ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအကြိုအစည်းအဝေးတွင် တိုင်းရင်းဆေးပညာရပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းဆေးဝါးများ အရည် အသွေးကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • တိုင်းရင်းဆေးပညာဆိုင်ရာမူပိုင်ခွင့်များကို ကာကွယ်ရန်နှင့် တိုင်းရင်းဆေးများကို တာဝန်သိသိ၊ ကျင့်ဝတ်သိက္ခာရှိရှိ သုံးစွဲကြောင်း သေချာစေရန် ဆောင်ရွက်ရမည်ဖြစ်။
  • တိုင်းရင်းဆေးပညာ၏ အမွေဆက်ခံမှုနှင့်ဆန်းသစ်တီထွင်မှု၊ တိုင်းရင်းဆေးပညာဆိုင်ရာ မူပိုင်ခွင့်များကာကွယ်ရေးအတွက် မိမိတို့အတူတကွ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တိုက်တွန်းပြောကြားလို။

Add new comment