၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း။
- ဥပဒေတွင်ပါရှိသည့် သုံးငွေများအပြင် မဖြစ်မနေ ထပ်မံသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များလည်းရှိနိုင်သောကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်ရခြင်းဖြစ်ပြီး တောင်းခံထားသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲသွားရမည်ဖြစ်ကြောင်း။
- ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး အသုံးစရိတ်များအပါအဝင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် အသုံးစရိတ်များကိုလည်း အချိန်နှင့် တစ်ပြေးညီ သင့်လျော်မည့်အသုံးစရိတ်များကို ခွင့်ပြုပေးလျက်ရှိကြောင်း။
- နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေးကို အထောက်အကူပြုစေနိုင်ရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပိုထောက်ပံ့ကြေးခံစားနိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း။
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်း၊ မူလခန့်မှန်းခြေငွေစာရင်း အခြေအနေကိုကြည့်ပါက တစ်နိုင်ငံလုံး၏ ဂျီဒီပီတန်ဖိုးသည် ငွေကျပ်ဘီလီယံပေါင်း ၁၃၈၁၉၅ ဒသမ ၇၀၃ ဖြစ်သည်ကို တွေ့ရှိရကြောင်း။
- သာမန်ငွေလုံးငွေရင်း ကြွေးမြီများနှင့်ပတ်သက်သည့် ပိုငွေ၊ လိုငွေနှိုင်းယှဉ်ချက်အနေဖြင့် ဂျီဒီပီနှင့် လိုငွေနှိုင်းယှဉ်ချက်သည် ပမာဏအားဖြင့် ၅ ဒသမ ၆၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းကို သက်ဆိုင်ရာစိစစ်ရေးအဖွဲ့ အဆင့်ဆင့်က စစ်ဆေးပြီး သည့်အခါ နောက်ဆုံးအနေဖြင့် ကျန်ရှိသည်မှာ ဂျီဒီပီပြောင်းလဲမှုမရှိသော်လည်း လိုငွေနှင့်ဂျီဒီပီအချိုးသည် ၅ ဒသမ ၆၅ မှ ၅ ဒသမ ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။
- ဝန်ကြီးဌာနအလိုက် ကော်မတီများက အဆင့်ဆင့်စိစစ်ပြီးသည့် အချက်အလက်များအပေါ် ထပ်မံတင်ပြလိုသည်များရှိပါက ယနေ့အစည်းအဝေးတွင် တင်ပြပေးရန်နှင့် လျှော့ချနိုင်သည့် ငွေပမာဏအသုံးစရိတ်များရှိပါကလည်း ဆက်လက် တင်ပြပေးကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၂-၂၀၂၃)
- ဥပဒေတွင်ပါရှိသည့် သုံးငွေများအပြင် မဖြစ်မနေ ထပ်မံသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များလည်းရှိနိုင်သောကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့်စိစစ်ရခြင်းဖြစ်ပြီး တောင်းခံထားသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲသွားရမည်ဖြစ်။
- နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေးကို အထောက်အကူပြုစေနိုင်ရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပိုထောက်ပံ့ကြေးခံစားနိုင်ရန် ခွင့်ပြုပေးခဲ့။
Add new comment