ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်နေမှုများ၊ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်နေမှုများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-

  • ပြည်ဖျက်မီဒီယာများအနေဖြင့် ရန်ကုန်မြို့တွင် တပ်မတော်က ပေါ်တာဆွဲနေပြီဆိုသည့် မဟုတ်မမှန်သတင်းများကို နိုဝင်ဘာလ ၂၁ ရက်မှစ၍ လုပ်ကြံဝါဒဖြန့်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများကိုပင် ဆင့်ခေါ်ခြင်းမရှိခဲ့ကြောင်းနှင့် ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် တပ်မှ ဝင်ရောက်တပ်စွဲသည်ဟု လုပ်ကြံဝါဒဖြန့်ခဲ့ကြောင်း။
  • MNDAA အနေဖြင့် ကိုးကန့်ဒေသရှိ မည်သူမဆို တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဟု တရားဝင်ပြောဆိုခဲ့သည့်အပြင် မုံးကိုးရှိ ဟေမိုးလုံသာသနာပြုကျောင်းမှ သံဃာ ၂၆ ပါးကိုဖမ်းဆီးပြီး ၄ ပါးကို စစ်သားအဖြစ် အဓမ္မစုဆောင်းခြင်း၊ မူဆယ် ၁၀၅ မိုင်စခန်းကို အဝေးမှပစ်ခတ်ခြင်း၊ လောက်ကိုင်မြို့ကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း။
  • AA အနေဖြင့် ပေါက်တောရှိ ဒေသခံများ၏ နေအိမ်များတွင် နေရာယူ၍ လုံခြုံရေးစခန်းများကို တိုက်ခိုက်ရန်အတွက် ဒေသခံများကို နှင်ထုတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားစားခံအနေနှင့် သုံးနေသည့်သူများကို ၎င်းတို့က ကယ်ထုတ်သည်ဆိုပြီး လုပ်ကြံဝါဒဖြန့်ခဲ့ကြောင်း။
  • MNDAA၊ TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများသည် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့ကားဝင်းအတွင်းသို့ Drone ယာဉ်များဖြင့် အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကားဝင်းအတွင်း ရပ်နား ထားသည့် သွင်းကုန်မော်တော်ယာဉ် ၂၅၈ စီးရှိသည့်အနက် ၁၂၀ စီးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း။
  • နိုဝင်ဘာလ ၂၄ ရက်တွင် KNPP နှင့် PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိသားစုဝင်များထဲမှ ၁၀၃ ဦးသည် တောင်ကြီးမြို့သို့  ပြန်လည် ရောက်ရှိခဲ့လာသဖြင့် တပ်မတော်မှ တာဝန်ရှိသူများက သွားရောက် ကြိုဆိုခဲ့ကြောင်း။
  • မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အဖွဲ့အစည်းအသီးသီးမှ ကန့်ကွက်ရှုတ်ချခဲ့သောကြောင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး အင်အား ၁၀၀ ဦးခန့် ကျန်ရှိနေသေးကြောင်း။
  • ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်းဈေး မီးလောင်ကျွမ်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ရှို့မီးဟု သံသယရှိကြောင်း၊ AA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုကို အသုံးချ၍  တပ်မတော်အား အထင်အမြင်လွဲမှားအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်းနှင့်  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်နှင့်အညီ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း။
  • TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်လျက်ရှိသည့် ပိုက်လိုင်းတွင် အဓိကကျသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဇီပင်ကျေးရွာအနီးရှိ ထိန်းချုပ်ရေးစခန်းအား နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ဝင်ရောက်နေထိုင်ခဲ့ပြီး ထိန်းချုပ်ရေးစခန်းရှိ ပစ္စည်းများအား ထိခိုက်စေရန် ရည်ရွယ်၍ ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့သဖြင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီထိန်းသိမ်း ပြုပြင်ခဲ့ရကြောင်း။
  • KNU၊ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က မြိုင်ကလေး-သထုံ-ဘီးလင်းနှင့် မြိုင်ကလေး-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့အား မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကျဆင်းခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ ပြည်သူများ အသုံးပြုရန်အတွက်  လျှပ်စစ်ဓာတ်အားကို လျှော့နည်း၍ ဖြန့်ဖြူးခဲ့ရပြီး တာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း။
  • တရုတ်ပြည့်သူ့သမ္မတနိုင်ငံအနေဖြင့် တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို တရုတ်-မြန်မာနိုင်ငံနယ်စပ်ဒေသတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး(၅) ရပ်ကို လိုက်နာဆောင်ရွက်လျက်ရှိသဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား နီးကပ်စွာ ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း။
  • ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ) ရှိ နမ့်စလပ်၊ မုံးကျက်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ တာရွှေထန်၊ နမ့်ခမ်း၊ မူဆယ်(၁၀၅)မိုင် နယ်စပ်ဂိတ်၊ တာမိုးညဲဒေသများတွင်လည်းကောင်း၊ ကယားပြည်နယ် အကျဉ်းထောင်နှင့် မီးသတ်ရုံးကိုလည်းကောင်း၊ ရခိုင် ပြည်နယ်ရှိ ထရွန်အိုင်နှင့် နုန်းဘူးစခန်းတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဗောဓိတစ်ထောင်၊ ထီးလင်း၊ ရေဦးနှင့် အောင်သာယာဒေသတို့တွင်လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ထီးထစခန်းအားလည်းကောင်း လာရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိကြောင်း။
  • KNPP အနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တဝိုက်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ကယားပြည်နယ်နှင့် ဆက်စပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း PNLO ပအို့အခြေပြုဒေသများတွင် ကယား ပြည်နယ် မှ စစ်ဘေးရှောင်တစ်သောင်းခန့် ရောက်ရှိနေပြီး ပအို့ဒေသခံများ၊ PNLO အဖွဲ့များနှင့် အစိုးရတို့ပူးပေါင်း၍ ခိုလှုံရာစခန်းများ ဆောင်ရွက်ထားရှိကြောင်း။
  • စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက် နောင်ပိုအောင်တွင် SNA ရှမ်းနီအဖွဲ့နှင့် KIA, PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အစိုးရနှင့် လုံခြုံရေးအဖွဲ့များကို တိုက်ခိုက်ခြင်းထက် တိုင်းရင်းသားလူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ၎င်းတို့ကြွေးကြော်နေသည့် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေခြင်းဖြစ်ကြောင်း။
  • မူဆယ်မြို့ရှိ ကျင်စန်းကျော့ဂိတ်အား တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများက တပ်မတော်ကလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းပုံစံ လုပ်ကြံဝါဒဖြန့်သတင်းများကို အလုအယက် ချက်ချင်းထုတ်လွှင့်ခဲ့ကြောင်း။
  • မည်သူတို့က တိုက်ခိုက်ခဲ့သည်နှင့် မည်သူတို့က မီးငြှိမ်းသတ်ပေးခဲ့ရသည်ကို ဒေသခံပြည်သူများက သိရှိပြီး သက်သေများလည်းရှိကြောင်း။
  • နိုင်ငံတော််အစိုးရအနေဖြင့် အစိုးရအဆက်ဆက် လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း NUG PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAO အဖွဲ့များ၏ လျှပ်စစ်ဓာတ် အားပေး လိုင်းများ၊ တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လျှပ်စစ်ဓာတ်အားခွဲစက်ရုံများအား Drop Bomb ပစ်ချတိုက်ခိုက်ခြင်းများကြောင့် နိုင်ငံ၏လူမှုစီးပွားဘဝသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲ နှောင့်နှေးနေရကြောင်း။
  • လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများက သတင်းအမျိုးမျိုးထုတ်လွှင့်၍ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးမပြေဖြစ်စေရန် တွန်းအားပေး ဆောင်ရွက် လျက်ရှိပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးသည် ဘယ်တော့မှလျော့နည်းသွားမည့် ဆက်ဆံရေးမဟုတ်ကြောင်း။

မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံမှုရှိစေရန်အတွက် အဖျက်သမားစိတ်ဓာတ်မျိုးရှိသည့် သောင်းကျန်းသူများကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အမြစ်ပြတ်ချေးမှုန်းသွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၁-၂၀၂၃)

 

  • ပြည်ဖျက်မီဒီယာများအနေဖြင့် ရန်ကုန်မြို့တွင် တပ်မတော်က ပေါ်တာဆွဲနေပြီဆိုသည့် မဟုတ်မမှန်သတင်းများကို နိုဝင်ဘာလ ၂၁ ရက်မှစ၍ လုပ်ကြံဝါဒဖြန့်ခဲ့၊ တပ်မတော်အနေဖြင့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများကိုပင် ဆင့်ခေါ် ခြင်းမရှိ၊ ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် တပ်မှ ဝင်ရောက်တပ်စွဲသည်ဟု လုပ်ကြံဝါဒဖြန့်ခဲ့။
  • MNDAA အနေဖြင့် ကိုးကန့်ဒေသရှိ မည်သူမဆို တစ်အိမ်တစ်ယောက် စစ်မှုမထမ်း မနေရ ဟု တရားဝင်ပြောဆိုခဲ့သည့်အပြင် မုံးကိုးရှိ ဟေမိုးလုံသာသနာပြုကျောင်းမှ သံဃာ ၂၆ ပါးကိုဖမ်းဆီးပြီး ၄ ပါးကို စစ်သားအဖြစ် အဓမ္မစုဆောင်းခဲ့။
  • KNPP အနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တဝိုက်ရှိ စစ်ရေးနှင့်မသက်ဆိုင် သော လူနေရပ်ကွက်များသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ကယားပြည်နယ်နှင့် ဆက်စပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း PNLO ပအို့အခြေပြုဒေသများတွင် ကယား ပြည်နယ်မှ စစ်ဘေးရှောင်တစ်သောင်းခန့် ရောက်ရှိနေပြီး ပအို့ဒေသခံများ၊ PNLO အဖွဲ့များနှင့် အစိုးရတို့ပူးပေါင်း၍ ခိုလှုံရာစခန်းများ ဆောင်ရွက်ထားရှိ။
  • KNPP နှင့် PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွား သည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိသားစုဝင်များထဲမှ ၁၀၃ ဦးသည် တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိခဲ့။
  • TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်လျက်ရှိသည့် ပိုက်လိုင်းတွင် အဓိကကျသည့် ထိန်းချုပ်ရေးစခန်းရှိ ပစ္စည်းများအား ထိခိုက်စေရန် ရည်ရွယ်၍ ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့။
  • KNU၊ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပြည်သူများ အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဓာတ်အားများအား လျှော့နည်း၍ ဖြန့်ဖြူးပေးခဲ့ရ။
  • မူဆယ်မြို့ရှိ ကျင်စန်းကျော့ဂိတ်အား တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများက တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းပုံစံ လုပ်ကြံဝါဒဖြန့်သတင်းများကို အလုအယက် ချက်ချင်းထုတ်လွှင့်ခဲ့။
  • လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများက သတင်းအမျိုးမျိုး ထုတ်လွှင့်၍ တရုတ်-မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေး မပြေမလည်ဖြစ်လာအောင် တွန်းအားပေး ဆောင်ရွက်နေတာများရှိပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးသည် ဘယ်တော့မှ လျော့နည်းသွားမည့် ဆက်ဆံရေးမဟုတ်။

Add new comment