နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးကို ဇွန်လ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-
-
မိမိတို့နိုင်ငံအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးပြန်လည်ဦးမော့လာပြီး ၃ ဒသမ ၂ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သော်လည်း နိုင်ငံခြားကုန်သွယ်မှုနှင့်ပတ်သက်၍ လိုအပ်ချက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ကုန်သွယ်မှု၌ သွင်းကုန်တွင် အဓိကပါရှိသည့် စက်မောင်းဆီနှင့် စားသုံးဆီတင်သွင်းမှုများမှာ ပမာဏများပြားနေသည်ကို တွေ့ရကြောင်း၊
-
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေးတိုးတက်မှုမှာ ၃ ရာခိုင်နှုန်းကျော်ခန့်သာရှိပြီး နောက်ပိုင်းတွင် အနုတ်ဘက်သို့ ရောက်ရှိခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနလေးခုကို တာဝန်ပေးအပ်၍ လေ့လာသုံးသပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊
-
တွေ့ရှိချက်များအရ နိုင်ငံ့စီးပွားရေး အတက်အကျဖြစ်ခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံတော်၏ရငွေ၊ ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဘေးဒဏ်ကျရောက်မှု၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုအားနည်းချက်များ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် လိုအပ် သည့်အကြောင်းအရင်းများနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရှိရသည့်အပြင် လုပ်သင့်လုပ်ထိုက်သည်များကို အချိန်မီဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိ ရကြောင်း၊
-
ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံကြီးအချို့က ၎င်းတို့လိုရာ စိတ်တိုင်းကျ ဆောင်ရွက်ပေးနိုင်မည့်အစိုးရကို ငွေကြေးထောက်ပံ့မှုများကို နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးလုပ်ဆောင်ခဲ့မှုများ၊ အစိုးရ၏စွမ်းဆောင်ရည်မြင့်မားမှုပုံစံမျိုးဖြစ်စေရန် ဖန်တီးဆောင်ရွက်ပေး သည်ကိုလည်း တွေ့ရှိရသည်ဟု လေ့လာသုံးသပ်ချက်အစီရင်ခံစာအရ သိရှိရကြောင်း၊
-
နိုင်ငံတစ်ခု၏ စီးပွားရေးနှင့်ပတ်သက်၍ ကုန်သွယ်မှု၊ အခြားလမ်းကြောင်းမှ ရရှိသည့် ဝင်ငွေများအပေါ်မူတည်၍ စီးပွားရေးအပြောင်းလဲများရှိသည်ကို မိမိအနေဖြင့် သုံးသပ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ်ကြွယ်ဝမှုအပေါ်တွင် မူတည်သည်ကိုလည်းတွေ့ရှိရကြောင်း၊ စီးပွားရေးကို ကောင်းမွန်အောင်လုပ်ဆောင်နိုင်သည့်၊ ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်နိုင်သည့် လူသားအရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်း၊
-
လယ်ယာစိုက်ပျိုးရေးတွင် မြေကိုအကျိုးရှိစွာ အသုံးချဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းဖြင့် လယ်ယာကဏ္ဍကြီးမှ GDP ပါဝင်မှုအချိုးသည်များစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ ပြည်ပပို့ကုန်များလည်း များစွာတိုးတက် ပြောင်းလဲသွားနိုင်ကြောင်း။
-
ပို့ကုန်နှင့်ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်နိုင်ရန်လိုသကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာနှင့် စိုက်ပျိုးရေများလုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊
-
ပြည်တွင်း၌ စက္ကူထုတ်လုပ်ရေးလုပ်ငန်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများနှင့် ချည်ထည်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကြီးနှင့် စက်မှုကဏ္ဍကြီးတို့တွင် GDP များ တိုးတက်လာမည်ဖြစ်ကြောင်း၊
-
မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ အားနည်းပြီး ရောင်းကုန်များမရှိသဖြင့် ပြည်ပပို့ကုန်အားနည်းပြီး ပြည်ပကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာ လိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိခဲ့ ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၆၁ ဘီလီယံရှိကြောင်း၊ လိုငွေများကို Non Trade ဝင်ငွေများမှ ရရှိသည့်ငွေများဖြင့် သုံးစွဲခဲ့ခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယ သက်တမ်းတွင် နိုင်ငံတကာမှ ထောက်ပံ့ငွေ၊ ကူညီငွေနှင့် ချေးငွေများရရှိခဲ့ကြောင်း၊ အဆိုပါရရှိသည့် ငွေများဖြင့် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဆောင်ရွက်သွားသည်ကိုတွေ့ရှိရကြောင်း၊
-
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာမှ ပိတ်ဆို့မှုများ လုပ်ဆောင်လာကြောင်း၊ ရှိပြီးဖြစ်သည့် နိုင်ငံခြားငွေများသုံးစွဲ၍ မရစေရန်၊ ရရန်ရှိသည့် ရောင်းကုန်ပစ္စည်းရငွေများ မပေးချေနိုင်စေ ရန်ပိတ်ဆို့မှု မျိုးစုံဖြင့် ဆောင်ရွက်လာကြောင်း၊ မိမိတို့အနေဖြင့် ပို့ကုန်များမရှိဘဲ လိုသမျှကို မှာယူအသုံးပြုနေမည်ဆိုပါက နိုင်ငံခြားငွေ လိုအပ်မှုများ လာမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ရနိုင်သမျှထုတ်လုပ်နိုင်ရေး တာဝန်ရှိသည်ကို ပြောကြားလိုကြောင်း။
-
အသုံးစရိတ်ချွေတာရေးနှင့်ပတ်သက်၍ မဖြစ်မနေ သုံးစွဲရန်လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြစေလိုကြောင်း၊ ဖြုန်းတီးမှုများမဖြစ်စေရေး အသုံးစရိတ်များကို စနစ်တကျဖြင့် သုံးစွဲကြရန်လိုကြောင်း၊ အသေးစိတ်မှစ၍ ခြိုးခြံချွေတာနိုင်မှသာ ပြည်တွင်း လိုငွေပြမှုနှင့် နိုင်ငံခြားငွေ လိုငွေပြမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှ ဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းဖြစ်ထုတ်ကုန်များကို အသုံးပြုရန်လိုကြောင်း။
-
မြေပေါ်မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ ပြည်တွင်းမှ ထွက်ရှိသည့် သယံဇာတများကို တရားမဝင်နည်းလမ်းများဖြင့်ထုတ်ယူပြီး ပြည်ပသို့ မှောင်ခိုတင်ပို့နေခြင်းကြောင့် နိုင်ငံတော်၏အခွန်ငွေရရှိမှုများကို များစွာ ထိခိုက်စေ လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများကိုလည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သွားရန်လိုကြောင်း၊
-
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားရန်တိုက်တွန်းလိုကြောင်း၊ ဒေသအလိုက်ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၌ ဒေသတွင်းစားသုံးမှု၊ နိုင်ငံတွင်းစားသုံးမှုအတွက် ဖူလုံအောင် ထုတ်လုပ်ခြင်းနှင့် ပြည်ပပို့ကုန်အတွက် ထုတ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်လုပ်မှုအတွက် အသေချာဆုံးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ သွင်းကုန်အစားထိုးထုတ်လုပ်ခြင်းအနေဖြင့် စက္ကူ၊ ရော်ဘာပစ္စည်း၊ နို့ထွက်ပစ္စည်း၊ ချည်ထည်ပစ္စည်း စသည့်ပစ္စည်းများကို ပြည်တွင်း၌ တတ်နိုင်သမျှ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
-
လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အသေးစား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ သုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြမည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ စပါးခွံလောင်စာသုံး Gasifires Power သုံးစွဲ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံတွင် ရေချိုများပေါများစွာရှိပြီး စိုက်ပျိုးရေးအတွက်လိုအပ်သည့်ရေများကိုမြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်လိုကြောင်း။
-
ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်သုတေသန၊ ထုတ်လုပ်မှုသုတေသနများ ပြုလုပ်ထားရန်လိုကြောင်း၊ ပြည်ပလိုအပ်ချက်ရှိသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် ပို့ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စွာဖြင့် အရည်အတွက်များများ ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများ ပြုလုပ်ရန်လိုကြောင်း၊ ဈေးကွက်သုတေသနကိုလည်း အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးထုတ်လုပ်နေသည့် ထွက်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရေး အမြဲမပြတ် သုတေသနပြုဆောင်ရွက်နေရန် တာဝန်ရှိကြောင်း၊
-
ခိုင်မာသည့်ဝင်ငွေများရရှိနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်၍ ရောင်းကုန်ပစ္စည်းများရရှိအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက လက်ရှိဖြစ်ပွားနေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်သကဲ့သို့ နိုင်ငံခြားပို့ကုန်များပြားလာပါက ထုတ်လုပ်မှုကြောင့် နိုင်ငံခြားငွေများ တိုးတက်လာနိုင်သည်ကို တွေ့ရှိရကြောင်း၊
-
ယခုအချိန်တွင် နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်အောင်၊ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်၊ အသုံးစရိတ်များလျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုအစည်းအဝေးမှ နိုင်ငံစီးပွားရေးမြှင့်တင်ရေးနှင့်ပတ်သက်၍ အကြောင်းအရာ များအလိုက် ဖော်ထုတ်ချက်များရရှိပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း။
-
အတန်းပညာရှိမှသာ အတတ်ပညာများ တတ်မြောက်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် နည်းပညာသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ပေါများ ကြွယ်ဝစွာရရှိရေးမှာ အရေးကြီးသဖြင့် ကျောင်းနေ အရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်ပြီး အတန်းပညာရရှိရေးနှင့် အတတ်ပညာများရရှိရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားလုံးက ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇-၂၀၂၃)
-
စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ်ကြွယ်ဝမှုအပေါ်တွင် မူတည်သည်ကိုလည်းတွေ့ရှိရ၊ စီးပွားရေးကို ကောင်းမွန်အောင်လုပ်ဆောင်နိုင်သည့်၊ ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်နိုင်သည့် လူသားအရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်။
-
မဖြစ်မနေသုံးစွဲရန်လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြစေလို၊ ဖြုန်းတီးမှုများ မဖြစ်စေရေး အသုံးစရိတ်များကို စနစ်တကျဖြင့် သုံးစွဲကြရန်လို၊ အသေးစိတ်မှစ၍ ခြိုးခြံချွေတာနိုင်မှသာ ပြည်တွင်းလိုငွေပြမှုနှင့် နိုင်ငံခြားငွေ လိုငွေပြမှုများကို လျှော့ချ နိုင်မည်ဖြစ်၊ ပြည်ပမှ ဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းဖြစ်ထုတ်ကုန်များကို အသုံးပြုရန်လို။
-
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားရန်တိုက်တွန်းလို၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၌ ဒေသတွင်းစားသုံးမှု၊ နိုင်ငံတွင်းစားသုံးမှုအတွက် ဖူလုံအောင် ထုတ်လုပ်ခြင်းနှင့် ပြည်ပပို့ကုန်အတွက် ထုတ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်လုပ်မှုအတွက် အသေချာဆုံးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေ တိုးမြှင့် ဆောင်ရွက်သွားရန်လို။
-
ခိုင်မာသည့်ဝင်ငွေများရရှိနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်၍ ရောင်းကုန်ပစ္စည်းများရရှိအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက လက်ရှိဖြစ်ပွားနေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်သကဲ့သို့ နိုင်ငံခြားပို့ကုန်များပြားလာပါက ထုတ်လုပ်မှုကြောင့် နိုင်ငံခြားငွေများ တိုးတက်လာနိုင်သည်ကို တွေ့ရှိရ၊ ယခုအချိန်တွင် နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်အောင်၊ ကုန်ထုတ်လုပ်မှုများတိုးတက်အောင်၊ အသုံးစရိတ်များ လျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လို။
Add new comment