မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှု ရက်ပေါင်း ၁,၁၁၁ ရက်ရှိပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

     မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်များဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက နေ့ညမပြတ် ကြိုးပမ်းတည်ဆောက်ပူဇော်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၄ ရက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည့်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ရက်ပေါင်း (၁,၁၁၁)ရက် ၃ နှစ်နှင့် ၁၆ ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်စသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့်တည်ဆောက်ပူဇော်နေခြင်းဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ သာသနိက အဆောက်အဦများကိုလည်း နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ ထည့်သွင်းတည်ဆောက်လျက်ရှိပါသည်။

ယနေ့တွင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းမှ သာသနိကအဆောက်အဦများ၏ မြင်ကွင်းများကို နိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ မိဘပြည်သူများ ဖူးမြော်ကြည်ညိုသဒ္ဒါများပွားနိုင်စေရေး ယခုကဲ့သို့ ဖော်ပြလိုက်ရခြင်းဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုအားရာနှုန်းပြည့် ပြီးစီးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇-၂၀၂၃)

 

  • ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်မှုမှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၄ ရက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည့်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ရက်ပေါင်း (၁,၁၁၁) ရက် နှစ်နှင့် ၁၆ ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ။

Add new comment