နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV အား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းအနားကို ဇွန်လ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမြဲတမ်းအတွင်းဝန် ဦးခင်လတ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ရရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ထံ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဂုဏ်ပြုစကားပြောကြားရာတွင်-

  • အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် ရိုးရိုးသံအမှုထမ်းမှ သံအမတ်ကြီးတာဝန်အထိ ၁၄ နှစ်တာကာလခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ကို ကြုံတွေ့ခဲ့ရသဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အတွေ့အကြုံများစွာကို ရရှိပြီး ဖြစ်ကြောင်း။
  • နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ယခင်ကထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့ရခြင်းဖြစ်ကြောင်း။
  • သံအမတ်ကြီးတာဝန်ကို ၇ နှစ်တာကာလတာဝန်ထမ်းဆောင်ချိန်ကာလအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ နိုင်ငံတကာရေးရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အဆွေတော်အနေ ဖြင့် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
  • အဆွေတော်အနေဖြင့် ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ပိုမိုကျယ်ပြန့်ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရန် ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း။
  • တပ်မတော်အစိုးရလက်ထက်မှစ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ခဲ့ပြီး မိမိတာဝန်ထမ်းဆောင်ချိန်တွင် အမြင့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့ကြောင်း။
  • မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်း ရုရှားနိုင်ငံ၏ ပူးပေါင်းကူညီပေးမှုများသည် အဓိကကျကြောင်း။
  • မြန်မာနိုင်ငံအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာနိုင်ငံမှ ပညာတော်သင်များ တက်ရောက်သင်ကြားနိုင်ခဲ့ကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းသည် ယခုရုရှားနိုင်ငံသံအမတ်ကြီး အားပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း။
  • နောင်အခါတွင်လည်း ကာယကံရှင်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာနယ်ပယ်များတွင် အကောင်းဆုံးဆောင်ရွက်ခြင်းများကို ဆောင်ရွက်နိုင်သည့် သံအမတ်ကြီးများကိုလည်း ချီးမြှင့်ပေးနိုင်ရန်အတွက် အခွင့်အလမ်းပင်ဖြစ်ကြောင်း ပြောကြားခဲ့။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV က ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ကျေးဇူးတင်စကားပြောကြားရာတွင်-

  • ယခုကဲ့သို့ ဘွဲ့တံဆိပ်ချီးမြှင့်ပေးသည့်အတွက် မိမိအတွက်သာမက ရုရှားသံရုံးရှိ သံတမန်များနှင့် အမှုထမ်းမိသားစုများအားလုံးအတွက်ပါ ဂုဏ်ယူပါကြောင်း။
  • နှစ်နိုင်ငံဆက်ဆံရေးမှာ အဆင့်မြင့်သည့်ဆက်ဆံရေးသို့ ရောက်ရှိလာပြီဖြစ်ပြီး ယခင်ကထက်များစွာ တိုးတက်ကောင်းမွန်လာပြီဖြစ်ပါကြောင်း။
  • အဆွေတော်အနေဖြင့် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ တွင် ကျင်းပပြုလုပ်သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။
  • နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း နှစ်ဖက်နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းဖြစ်ပါကြောင်း။
  • မိမိအနေဖြင့် မြန်မာနိုင်ငံတွင် ၁၄ နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို တွေ့ကြုံခဲ့ရကြောင်း။
  • နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးမိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ်လည်း အသိအမှတ်ပြုတန်ဖိုးထားပါကြောင်း။
  • မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးများကို ဆောင်ရွက်နိုင်မည်ဟု ခိုင်ခိုင်မာမာယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ အားကစားနှင့် ယဉ်ကျေးမှုစသည့် နယ်ပယ်မျိုးစုံတွင် ပူပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ရရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ထံ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့။
  • တပ်မတော်အစိုးရလက်ထက်မှစ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ခဲ့ပြီး မိမိတာဝန်ထမ်းဆောင်ချိန်တွင် အမြင့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့။
  • မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းသည် ယခုရုရှားနိုင်ငံသံအမတ်ကြီးအား ပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်။
  • မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးများကို ဆောင်ရွက်နိုင်မည်ဟု ခိုင်ခိုင်မာမာယုံကြည်၊ ရုရှားနိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment