နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် နန်ကျင်းစီးပွားရေးဇုန်တည်ဆောက်ရေး ဆွေးနွေးရန်အတွက် လာရောက်သည့် တရုတ်နိုင်ငံ၏ ကောင်စစ်ဝန် (၁) ဦး ပါဝင်သည့်အဖွဲ့အား နယ်ခြားစောင့်တပ်မှ ပစ်ခတ်သည်ဟု ပြည်တွင်း/ပြည်ပ မီဒီယာများ၏ စွပ်စွဲချက်များမှာ မှားယွင်းကြောင်း ဇွန်လ ၂၉ ရက်တွင် ပြန်လည်ဖြေ ကြားခဲ့ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်များမှာ-
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နန်ကျင်းစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ဆွေးနွေးသည့် ကိစ္စရပ်များမရှိကြောင်း၊ နယ်ခြားဒေသတွင် နယ်စပ်ဒေသလုံခြုံရေးနှင့်ပတ်သက်၍ တရုတ်-မြန်မာနှစ်နိုင်ငံတပ်မတော်အချင်းချင်း ပုံမှန်လစဉ်ဆွေးနွေးနေသည့် ဆွေးနွေးမှုများသာရှိကြောင်း။
- အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ကန်ပိုင်တည်မှတစ်ဆင့် မြစ်ကြီးနားသို့ လာရောက်သည့် တရုတ်နိုင်ငံတပ်မတော်ကိုယ်စားလှယ်များအား တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက သွားရောက်ကြိုဆိုခဲ့ရာ လမ်း၌ နယ်ခြားစောင့်တပ်ဖွဲ့ ရှေ့ပြေး ဒုတိယယာဉ်သည် လက်နက်ငယ်ဖြင့် ၅ ချက်ပစ်ခတ်ခံခဲ့ရကြောင်း။ သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မူလအစီအစဉ်များအတိုင်း နှစ်ဖက်တွေ့ဆုံမှုအစည်းအဝေးများအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း။
- ပစ်ခတ်သောအဖွဲ့များသည် KIA အဖွဲ့များသာဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်င အကြား အထင်လွဲမှားမှုများဖြစ်လာအောင် ပြည်တွင်းပြည်ဖျက်မီဒီယာများကလည်း ဝိုင်းဝန်းသွေးထိုးလှုံ့ဆော်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သတင်းအတု/သတင်းအမှားများကို ပြည်ဖျက်မီဒီယာများကလည်း အမြဲတမ်းထုတ်လွှင့်လျက်ရှိရာ ထိုကဲ့သို့ထုတ်လွှင့်မှုများကို သတိပြုကြဖို့လိုသည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၂)
|
Add new comment