ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သောမျိုးစပါးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်-
-
နေပြည်တော်ကောင်စီနယ်မြေမှ ဝယ်ယူခဲ့သည့် GW-11 မျိုးစပါး ၁၄,၄၂၅ တင်းကို တပ်မတော်မော်တော်ယာဉ် ၆၅ စီးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၃,၀၀၀ တင်းကို တပ်မတော်မော်တော်ယာဉ် ၁၂ စီးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြနှင့် ဝါးခယ်မမြို့တို့မှဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၃,၀၆၇.၅ တင်းကို တပ်မတော်မော်တော်ယာဉ် ၆၃ စီးဖြင့်လည်းကောင်းတင်ဆောင်၍ ဇွန်လ ၂၉ ရက်တွင် ဒုတိယအကြိမ် သွားရောက်ပို့ဆောင်ခဲ့ပါသည်။
အဆိုပါ စပါးမျိုးများကို မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီတင်ဆောင်ပေးခဲ့ကြပြီး ရခိုင်ပြည်နယ်သို့ရောက်ရှိသည့် မျိုးစပါးများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် လိုအပ်လျက်ရှိသည့် မျိုးစပါးများကို အချိန်မီရရှိရေး ဆက်လက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၃)
|
Add new comment