လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy Cooperation "Rosatom") မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
-
တွေ့ဆုံစဉ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom တို့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်ခဲ့သော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းအကြို ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာကို Rosatom မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးအပ်ခဲ့။
-
နျူကလီးယားအခြေခံအဆောက်အဦ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Understanding in the field of Nuclear Infrastructure assemment and enhancement) ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနနှင့် Rosatom တို့အကြား လက်မှတ်ရေးထိုးခဲ့။
-
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Rosatom မှ တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံ၍ ရေအား၊ လေအားနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
Rosatom မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိသဖြင့် ဂုဏ်ယူမိကြောင်း၊ ဆက်လက်၍ အပူစွမ်းအင်သုံးစီမံကိန်းများနှင့် အခြားစီမံကိန်းလုပ်ငန်းများအတွက် Rosatom မှ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်း၊ MoU ရေးထိုးပြီးသော လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းကို တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားအလာကောင်းများစွာ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံတွင် Rosatom ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၆-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် နျူကလီးယားအခြေခံအဆောက်အဦ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်း ကဏ္ဍအတွက် နားလည်မှုစာချွန်လွှာကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား လက်မှတ်ရေးထိုးခဲ့။
Add new comment