နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၂၈ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
-
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရထားပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကျွမ်းကျင်သူကိုယ်စားလှယ်များ အပြန်အလှန်စေလွှတ်ရေး၊ တိုက်ရိုက်လေကြောင်းခရီးစဉ်တိုးချဲ့ပျံသန်းရေးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
-
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံအပြန်အလှန်ခရီးစဉ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် လျှပ်စစ်၊ စွမ်းအင်၊ သတ္တု၊ စက်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် ငွေရေးကြေးရေးကဏ္ဍများအပါအဝင် မဟာဗျူဟာမြောက်ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်နိုင်မည့်အလားအလာများနှင့် ရုရှားနိုင်ငံ၌ ကျင်းပသည့်ပြပွဲများနှင့် ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသာမက ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
-
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဓာတ်သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းများနှင့်ဆင့်တက် ပြုပြင်ခြင်းလုပ်ငန်း များတွင် နည်းပညာအကူအညီများ ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
-
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူး ဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများတွင် ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၆-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီးများ ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်၊ စွမ်းအင်၊ သတ္တု၊ စက်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် ငွေရေးကြေးရေးကဏ္ဍများအပါအဝင် မဟာဗျူဟာမြောက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများအား ဆွေးနွေးခဲ့။
Add new comment