တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှ ကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့နှင့်ပူးပေါင်း၍ ဆူပူဆန္ဒပြမှုများဖြစ်ပွားစေရန် နောက်ကွယ်မှသွေးထိုးလှုံ့ဆော်သူများအား ဖမ်းဆီးရမိ

 

      နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများ၌အလုပ်သမားများ စုဝေးဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်စေရန်အတွက် တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှ ကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင်ခေါင်းဆောင်၍ သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသွေးထိုးလှုံ့ဆော်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု၏သတင်းပေးပို့မှုကြောင့် ဇွန်လ ၁၄ ရက်မှ ၁၇ ရက်ထိ Action Labour Right အမည်ခံအဖွဲ့မှ (၂) ဦး၊ Action Labour Right အမည်ခံအဖွဲ့အား အားပေးကူညီသူ (၁) ဦး၊ Action Labour Right အမည်ခံအဖွဲ့နှင့်ပူးပေါင်း၍ စက်ရုံများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် ဆောင်ရွက်လျက်ရှိသည့် ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ (၅) ဦး၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ (၂) ဦး စုစုပေါင်း (၁၀) ဦးတို့အား အသီးသီး ဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ-

  • Action Labour Right အမည်ခံအဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ သူဇာဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၁၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ကောင်း(၁)ထမင်းဆိုင်အပေါ်ထပ်၌ စက်ရုံ၊ အလုပ်ရုံများ မှ အလုပ်သမား ၂၀ ဦးခန့်အား စည်းရုံးသိမ်းသွင်းကာ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း။
  • ထိုသို့သွေးထိုးလှုံ့ဆော်မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ အလုပ်သမားအချို့သည် လုပ်ငန်းခွင်ဝင်ရောက်ခြင်း မပြုဘဲ စက်ရုံရှေ့တွင် စုဝေး၍ လည်းကောင်း၊
  • ဇွန်လ ၁၃ ရက်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားအချို့သည် လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ စက်ရုံအတွင်း၌စုဝေး၍လည်းကောင်း အသီးသီးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ စက်ရုံ၊ အလုပ်ရုံများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရေး နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ရာတွင်ပါဝင်ခဲ့သည့် Action Labour Right အမည်ခံအဖွဲ့၊ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံနှင့် Sun Apparel Myanmar အထည်ချုပ်စက်ရုံတို့မှ တရားခံ ၁၀ ဦးအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင်၊ သူဇာနှင့် ဆက်စပ်တရားခံများ၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၆-၂၀၂၃)

 

 
   

 

 

  • စက်ရုံ၊ အလုပ်ရုံများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရေး နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ရာတွင်ပါဝင်ခဲ့သည့် Action Labour Right အမည်ခံအဖွဲ့၊ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံနှင့် Sun Apparel Myanmar အထည်ချုပ်စက်ရုံတို့မှ တရားခံ ၁၀ ဦးအား ဖမ်းဆီးရမိခဲ့။

 

Add new comment