ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား လက်ခံတွေ့ဆုံ

        နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊  အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် IOM အနေဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် မြန်မာနိုင်ငံရှိ ပြည်သူများကို အကူအညီများပေးအပ်လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏ လုပ်ငန်းများနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် IOM ဒေသဆိုင်ရာညွှန်ကြားရေးမှူးတို့သည် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် IOM  နှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

  • အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ၂၀၁၈ တွင် သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့သည့် MoU သည် ၂၀၂၁ တွင် သက်တမ်းကုန်ခဲ့သဖြင့် MoU အသစ် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ MoU ပါ လုပ်ငန်းစီမံချက် (Action Plan) တွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ ပါဝင်သင့်သည့် အချက်အလက်များ၊ ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေ၊ ဝန်ကြီးဌာနနှင့် IOM တို့ ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မိုခါဆိုင်ကလုန်းမုန်တိုင်းအတွက် အစိုးရ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများနှင့် မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး ဆောင်ရွက်နေမှု၊ လူကုန်ကူးခံရသူများနှင့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ပြန်လည် လက်ခံရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

တွေ့ဆုံဆွေးနွေးပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများ၊ IOM ဘက်မှ IOM ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ရွှေ့ပြောင်း သွားလာမှု မူဝါဒထောက်ပံ့ရေးအရာရှိ Mr. Chaoqian Xiong တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၆-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏ လုပ်ငန်းများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ လူကုန်ကူးခံရသူများနှင့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment