ရုရှားခရီးသွားဧည့်သည်များအတွက် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များရှာဖွေခြင်းဆိုင်ရာစားပွဲဝိုင်းဆွေးနွေးပွဲကျင်းပ

     ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားများလာရောက်လည်ပတ်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအလားအလာများကို ရုရှားခရီးသွားအော်ပရေတာများနှင့် ခရီးသွားများသို့ မိတ်ဆက်ပြသရေး၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာအတွေ့အကြုံများ မျှဝေရေးနှင့် ရုရှားခရီးသွားများကို ဆွဲဆောင်နိုင်ရေးတို့အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဦးဆောင်၍ အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များရှာဖွေခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၆ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အွန်လိုင်းမှ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက-

  • ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်သည့်ခရီးစဉ် (Familiarization Trip- FAM) ကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုအနေဖြင့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ရုရှားခရီးသွားဧည့်သည်များလည်း ပါဝင်ခဲ့ကြောင်း။
  • ၂၀၂၃ ခုနှစ် မေလအထိ ဝင်ရောက်မှုအနေဖြင့် လေးသိန်းကျော်ရှိနေပြီး တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ အမေရိကန်၊ မလေးရှားနှင့် စင်ကာပူတို့မှ အများဆုံးဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့။
  • နှစ်နိုင်ငံမှ တက်ရောက်လာကြသူများက လေကြောင်းလိုင်းပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။

အဆိုပါဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် နှစ်နိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ RC- investments တို့မှ တာဝန်ရှိသူများ၊ မြန်မာ- ရုရှားချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းနှင့် အူရယ်လ်လေကြောင်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၆-၂၀၂၃)

 

  • ရုရှားခရီးသွားဧည့်သည်များအတွက် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များရှာဖွေခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အွန်လိုင်းမှ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် မေလအထိ နိုင်ငံတကာခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေဖြင့် လေးသိန်းကျော်ရှိနေပြီး တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ အမေရိကန်၊ မလေးရှားနှင့် စင်ကာပူတို့မှ အများဆုံးဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့။
  • နှစ်နိုင်ငံမှ တက်ရောက်လာကြသူများက လေကြောင်းလိုင်းပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment