(၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (23rd ASEAN Senior Officials Meeting on Transnational Crime and Its Related Meetings) ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံက ယော့ဂျကာတာ (Yogyakarta) မြို့၊ Royal Ambarrukmo Hotel တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် လေ့လာသူ တီမောလက်စတေနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်နှင့် အမေရိကန် စသည့် ၉ နိုင်ငံတို့မှ အတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ SOMTC ခေါင်းဆောင်များ ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၁၇၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ် ၅ ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး SOMTC ခေါင်းဆောင်များ၏ (၂၃) ကြိမ်မြောက် အစည်းအဝေးတွင်-
- အာဆီယံ ၁၀ နိုင်ငံနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အာဆီယံဒေသတွင်း အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများ၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာမှုခင်းများ တိုးတက်ဖြစ်ပေါ်လာမှုနှင့် တားဆီး နှိမ်နင်းရေး ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံအလိုက် တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- မြန်မာ SOMTC ခေါင်းဆောင်၊ ဒုတိယရဲချုပ်က အကြမ်းဖက်အုပ်စုများ၏ သတင်းမှားများ ထုတ်ပြန်မှု၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်မှုနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ အစိုးရရုံး၊ အဆောက်အဦများအား ဗုံးခွဲ/အကြမ်းဖက်တိုက်ခိုက်မှုအခြေအနေများ၊ ဥပဒေနှင့်အညီ တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော အွန်လိုင်းလိမ်ညာမှုနှင့် လူကုန်ကူးမှုခင်းများတိုက်ဖျက်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့။
ဇွန်လ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ဒေသတွင်းနိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးများတွင်-
- လုပ်ငန်းလမ်းညွှန်ချက် ၁ ခုကို အတည်ပြုခဲ့ပြီး မူကြမ်း ၅ ခုကို ဩဂုတ်လအတွင်း ကျင်းပပြုလုပ်မည့် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအစည်းအဝေးတွင် အတည်ပြုနိုင်ရေး ဆက်လက်တင်ပြသွားရန် သဘောတူညီခဲ့။
- မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများထိန်းချုပ်ရေးတို့ကို တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုခင်းများနှင့်ပတ်သက်၍ ထိရောက်စွာတားဆီးနှိမ်နင်းရေးပူးပေါင်းဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးနိုင်ခဲ့။
- ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံနှင့် သီးခြားစီဆွေးနွေးမှုများကို အလှည့်ကျအာဆီယံနိုင်ငံ SOMTC ခေါင်းဆောင်များက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်၍ ဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို အသေး စိတ်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းစီမံချက် ၄ ခုတို့ကို အတည်ပြုခဲ့။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ထိုင်းတော်ဝင်ရဲအဖွဲ့ ဒုတိယရဲချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ၊ မှုခင်းစုံစမ်းစစ်ဆေးရေးရဲဌာနအကြီးအကဲတို့နှင့် သီးခြား တွေ့ဆုံ၍ အွန်လိုင်းလိမ်ညာမှုနှင့် လောင်းကစားမှုများတိုက်ဖျက်ရေး၊ ရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၆-၂၀၂၃)
- (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ၊ ယော့ဂျကာတာ (Yogyakarta) မြို့၌ ဇွန်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့။
- မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများထိန်းချုပ်ရေးတို့ကို တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုခင်းများနှင့်ပတ်သက်၍ ထိရောက်စွာတားဆီးနှိမ်နင်းရေးပူးပေါင်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးနိုင်ခဲ့။
Add new comment