နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်းလစ်စတိုပါဒေါ့ဗ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁၁၃/ ၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် စွမ်းဆောင်ရည်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးသည်-
- မြန်မာနိုင်ငံရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးတွင် ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိနှင့် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအဖြစ် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ပေးအပ်တာဝန်ထမ်းဆောင်ခဲ့။
- မြန်မာဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်၊ ရေးနိုင်သူတစ်ဦးလည်းဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်း ဆောင်ချိန်မှစ၍ သံအမတ်ကြီးဖြစ်သည်အထိ မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ခဲ့။
- နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်အောင်နှင့် မြန်မာနိုင်ငံအစိုးရအဆက်ဆက်နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့။
- မြန်မာနိုင်ငံတွင် သံတမန်အဖွဲ့နာယကတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး ဗုဒ္ဓစာပေများကို ရုရှားဘာသာဖြင့် ရေးသား၍ ပြန့်ပွားအောင် ဆောင်ရွက်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင်လည်း မြန်မာ-ရုရှားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုနီးကပ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့။
ထိုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းများကြောင့် စွမ်းဆောင်ရည်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၆-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်းလစ်စတိုပါဒေါ့ဗ်အား စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့။
Add new comment