ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား လက်ခံတွေ့ဆုံ

     နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ဇွန်လ ၂၆ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် IOM အနေဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် မြန်မာနိုင်ငံရှိ ပြည်သူများကို အကူအညီများပေးအပ်လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏ လုပ်ငန်းများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

  • အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ၂၀၁၈ တွင် သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့သည့် MoU သည် ၂၀၂၁ တွင် သက်တမ်းကုန်ခဲ့သဖြင့် MoU အသစ် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ MoU ပါ လုပ်ငန်းစီမံချက် (Action Plan) တွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ ပါဝင်သင့်သည့် အချက်အလက်များ၊ ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေ၊ ဝန်ကြီးဌာနနှင့် IOM တို့ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

တွေ့ဆုံဆွေးနွေးပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများ၊ IOM ဘက်မှ IOM ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski နှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုမူဝါဒထောက်ပံ့ရေးအရာရှိ Mr. Chaoqian Xiong တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၆-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏ လုပ်ငန်းများနှင့် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment