(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၂၄ ရက် တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-
- “(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အား အပ်နှင်းလိုက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အလံတော်သည် နိုင်ငံတော်၏ဂုဏ်ဒြပ်သာမက အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏ အောင်လံတလူလူလွင့်ပျံနေစေရေး ရေကုန်ရေခန်း အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားရန်” ဟူ၍ မိမိကိုယ်တိုင် အားကစားသမားများကို ပြိုင်ပွဲမသွားရောက်မီ အောင်နိုင်ရေးအလံအပ်နှင်းစဉ် မှာကြားခဲ့ကြောင်း။
- မှာကြားချက်နှင့်အညီ မိမိတို့ထံရောက်ရှိလာသည့် ရည်မှန်းချက်တာဝန်များအပေါ် နိုင်ငံ့သားကောင်း၊ တပ်မတော်သားကောင်းဟူသည့် စိတ်ဓာတ်ခံယူချက်များဖြင့် အမိနိုင်ငံတော်၏အလံကို တင့်တယ်ဝင့်ထည်စွာ လွှင့်ထူနိုင်အောင် ကြိုးပမ်းခဲ့ကြခြင်းအားဖြင့် မြန်မာပီသသည့်စိတ်ကို ပြသခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့်တကွ အားကစားသမားတစ်ဦးတစ်ယောက်ချင်းစီကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းကို ပြောကြားလိုကြောင်း။
- တိုင်းပြည်အတွက် ခန္ဓာအစိတ်အပိုင်းပေးလှူခဲ့ရသူများက စိတ်ဓာတ်ခိုင်မာ ပြင်းပြစွာဖြင့် အောင်မြင်မှုရရှိအောင် စွမ်းဆောင်မှုများအတွက် ချီးကျူးဂုဏ်ပြုလိုကြောင်း။
- အနိုင်မခံအရှုံးမပေးစိတ်ဓာတ်အပြည့်ဖြင့် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ ခက်ခဲသည့် အင်အားကြီးပြိုင်ဘက်များကို မလျှော့သော ဇွဲ၊ လုံ့လများဖြင့် တုံ့ပြန်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သားအားကစားသမားများအပါအဝင် အမျိုးသမီးအားကစား သမားများ၏ ပုံရိပ်များသည် ပြည်သူများ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များက နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ တပ်မတော်သား အားကစားသမား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၆-၂၀၂၃)
- တိုင်းပြည်အတွက် ခန္ဓာအစိတ်အပိုင်း ပေးလှူခဲ့ရသူများက စိတ်ဓာတ်ခိုင်မာပြင်းပြစွာဖြင့် အောင်မြင်မှုရရှိအောင် စွမ်းဆောင်မှုများအတွက် ချီးကျူးဂုဏ်ပြုလို။
- အနိုင်မခံအရှုံးမပေးစိတ်ဓာတ်အပြည့်ဖြင့် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ ခက်ခဲသည့် အင်အားကြီးပြိုင်ဘက်များကို မလျှော့သော ဇွဲ၊ လုံ့လများဖြင့် တုံ့ပြန်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သားအားကစားသမားများအပါအဝင် အမျိုးသမီး အားကစားသမားများ၏ ပုံရိပ်များသည် ပြည်သူများ၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရ။
Add new comment