ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးအောင်မိုးမြင့်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင်ကျော်တို့သည် ဇွန်လ ၂၄ ရက်တွင် ရန်ကုန်မြို့ လွှတ်တော်အဆောက်အအုံရှိ ပယင်းခန်းမ၌ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့မှ ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ်-
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင်အင်အားပြည့်မီအောင် စည်းရုံးထားရှိရေးနှင့် ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် အတိုင်း စနစ်တကျ ဖွင့်လှစ်ထားရှိရေး။
- ပါတီဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိရေး၊ ပါတီအလံနှင့် ဆိုင်းဘုတ်များ အသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်နှင့် စည်းရုံးရေးကာလအတွင်း ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေး သတိပြုအလေးထား ဆောင်ရွက်သွားကြရန်။
- လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်းပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် လေ့ကျင့်ပြင်ဆင်တည်ဆောက်ထားကြရန်။
- ထွက်ပေါ်လာမည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာလမ်းညွှန်ချက်များအရ ရွေးကောက်ပွဲကာလအတွင်း အောက်ခြေပါတီဝင်အချို့၏ ဥပဒေနှင့်မညီသော စည်းကမ်းချိုးဖောက်မှုများကြောင့် သက်ဆိုင်ရာပါတီများအပေါ် အကျိုး သက်ရောက်မှု ကြီးမားလာနိုင်သဖြင့် ပါတီဝင်အဆင့်ဆင့်ကို ဥပဒေစည်းကမ်းလိုက်နာရေး တာဝန်ယူထိန်းကျောင်းကြပ်မတ်ဆောင်ရွက်သွားကြရန်။
- ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) ဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်တို့က ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၆-၂၀၂၃)
|
Add new comment