သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ဇွန်လ ၂၁ ရက်တွင် ရောက်ရှိခဲ့ပါသည်။
နံနက်ပိုင်းတွင် ဘရူနိုင်းနည်းပညာတက္ကသိုလ်၏ Vice-chair Dr. Hajah Ena က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အဆိုပါတက္ကသိုလ်၌ တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ သင်ကြားသင်ယူမှုစနစ်များနှင့် သုတေသနလုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြားပြီး တက္ကသိုလ်ပတ်ဝန်းကျင်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများနှင့် သုတေသနခန်းများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက်ဘရူနိုင်းနည်းပညာတက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ်များ သင်ကြားသင်ယူမှုနှင့် သုတေသနပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ညနေပိုင်းတွင် (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီး H.E. Pengiran Dato Seri Setia Shamhary Mustapha က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး လက်ဆောင်ပစ္စည်းများ ဖလှယ်ပေးအပ်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်တွင် လိုက်ပါလာသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် (၈၃)ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး အာဆီယံဒေသတွင်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သုတသနများ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအား ညှိနှိုင်းဆွေးနွေးကာ (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်း ပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးသို့ ဆက်လက်တင်ပြ အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၆-၂၀၂၃)
|
Add new comment