မြန်မာနိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်ပြည်ထောင်စုမှ ၂၀-၆-၂၀၂၃ ရက်နေ့မှစ၍ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ထည့်သွင်း သတ်မှတ်ကြောင်း သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါသည်။
သတင်းထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ်ဖက်သတ်စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ၂၀-၆-၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်းသတင်းများ ထွက်ပေါ်လျက်ရှိပါ သည်။
၂။ နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက်ဘဏ်များတွင်လည်းကောင်း၊ အမေရိကန်ဘဏ်များ၏ ဘဏ်ခွဲများတွင် လည်းကောင်း နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှုဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ယခင်ကာလများကလည်း အလားတူအရေးယူပိတ်ဆို့မှုများ တွေ့ကြုံခဲ့ရသော်လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့သည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးရပ်တန့်မှုမရှိဘဲ စနစ်တကျ ဆောင်ရွက်ပေးခဲ့ပါသည်။
၃။ ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန် ဆောင်မှုကို နိုင်ငံပိုင်ဘဏ် (၂) ဘဏ်တည်းမှသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများမှလည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က သတ်မှတ်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသုံးငွေလွှဲပြောင်း၊ ပေးပို့၊ လက်ခံသည့်ကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ၊ လစာများလွှဲပို့ခြင်းကိစ္စရပ်များအတွက် အဆင်ပြေစေရေး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဘဏ်နှင့်ဆက်သွယ်သူပြည်သူများသိရှိစေရန် အသိပေးကြေညာအပ်ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၆-၂၀၂၂)
|
Add new comment