ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဆရာတော်၊ သံဃာတော်အပါး ၁,၀၀၀ အား ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ

     ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များစုပေါင်း၍ ဆရာတော်၊ သံဃာတော်အပါး ၁,၀၀၀ အား ဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက်တွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဗီယက်နမ်ဆရာတော်များအပါအဝင် ပင့်သံဃာတော် စုစုပေါင်းအပါး ၁,၀၀၀ တို့အား ရင်ပြင်တော်တောင်ဘက် ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီး လောင်းလှူခဲ့ကြပြီးနောက် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကာ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၀,၀၀၀ ထွန်းညှိပူဇော်ခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဗီယက်နမ်ဆရာတော်များ၊ ပင့်သံဃာ တော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ၊ ရက္ခိတစွမ်းအားပရဟိတအဖွဲ့မှ အလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၆-၂၀၂၃)

 

  • ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဗီယက်နမ်ဆရာတော်များအပါအဝင် ပင့်သံဃာတော် စုစုပေါင်းအပါး ၁,၀၀၀ တို့အား ရင်ပြင်တော်တောင်ဘက် ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီးလောင်းလှူခဲ့ကြပြီးနောက် ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကာ ညပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၀,၀၀၀ ထွန်းညှိပူဇော်ခဲ့။

Add new comment