လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂) ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖမ်းဆီးရမိ

       ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် လယ်ဝေးမြို့မရဲစခန်းအား (စိစစ်ဆဲ)ကျား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယင်းနေ့ညပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်း၊ MICC-II ဂိတ် (၂)ဝင်ပေါက်အား (စိစစ်ဆဲ)ကျား ၃ ဦးတို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

တရားမျှတမှုကို လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၁၃ ရက်တွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားသည့် တရားခံသက်နိုင်နှင့် အငှားယာဉ်မောင်း ရန်နိုင်ထွန်းတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ သက်နိုင်၏ ထွက်ဆိုချက်အရ ဇွန်လ ၁၂ ရက်တွင် တရားခံရဲနိုင်နှင့် အငှားယာဉ်မောင်း အိုင်ဖော့ (ခ) ရန်နိုင်ဦးတို့အား  လိပ်သိုမြို့အဝင်စစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့။ အဆိုပါတရားခံ ၄ ဦးတို့အား ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ကြောင့် ရာဇဝတ်ဘေးပြေး မလွတ်ဆိုသည့်အတိုင်း ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ-

  • တရားခံသက်နိုင်နှင့် ရဲနိုင်တို့သည် တရားခံပြေး ရှမ်းလေး၏ ချိတ်ဆက်ပေးမူဖြင့် စစ်တောင်းမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်းနှင့် ရင်းနှီးခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ကူညီပါဝင်ဆောင်ရွက်ပေးရန်နှင့် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ၎င်းတို့ ၂ ဦးမှ ငွေကြေးရယူလိုမှုဖြင့် သဘောတူလက်ခံခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် တရားခံပြေး  ဇင်ယော်မှ MICC-II နှင့် လယ်ဝေး မြို့မရဲစခန်းတို့အား ပစ်ခတ်ဖောက်ခွဲရန် လက်ပစ်ဗုံး ၂ လုံးအားပေးခဲ့သဖြင့် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေးတို့မှ ကယားပြည်နယ်၊ ပဆေးလာ ကျေးရွာသို့ သွားရောက်ယူဆောင်ခဲ့။
  • ၎င်းနောက် ဇွန်လ ၁၁ ရက်တွင် လယ်ဝေးမြို့မ ရဲစခန်းနှင့် MICC-II ဂိတ်(၂) ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရန် သွားရောက်၍ အခြေအနေကြည့်ရှုခဲ့။
  • ဇွန်လ ၁၂ ရက်တွင် တရားခံပြေး ဇင်ယော်၏စေခိုင်းမှုဖြင့် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေးတို့ ၃ ဦးသည် လက်ပစ်ဗုံး ၂ လုံးအား ယူဆောင်၍ လယ်ဝေးမြို့မရဲစခန်းအား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့။
  • အလားတူ ၎င်းတို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် MICC-II သို့ သွားရောက်ခဲ့ပြီး MICC-II ဂိတ်(၂) ဝင်ပေါက်အား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်ဖောက်ခွဲမှုများအတွက် တရားခံပြေး ဇင်ယော်မှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေး ပိုက်စိတ်တိုက်စစ်ဆေး ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေမှုကြောင့် ကယားပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၃)

 

  • အကြမ်းဖက်အဖွဲ့ခေါင်းဆောင် တရားခံပြေး ဇင်ယော်သည် နေပြည်တောကောင်စီနယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ကူညီပါဝင်ပေးလျှင် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် တရားခံများ မှ ငွေကြေးရယူလိုမှုဖြင့် သဘောတူလက်ခံခဲ့။
  • လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် တရားခံ ၄ ဦးတို့အား ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် ရာဇဝတ်ဘေးပြေး မလွတ်ဆိုသည့်အတိုင်း ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့။

Add new comment