ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဇွန်လ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးများသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Online ဖြင့် တက်ရောက်ခဲ့ပါသည်။
-
ဇွန်လ ၁၃ ရက်ကကျင်းပသည့် အစည်းအဝေးဒုတိယနေ့တွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံအနေဖြင့် ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အကြံပြုချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း၏ အနှစ်ချုပ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း အလေး ထားဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့။
-
ဇွန်လ ၁၄ ရက်ကကျင်းပသည့် အစည်းအဝေးတတိယနေ့တွင် ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ကော်မရှင်ရုံးအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းဆွေးနွေးခဲ့။
-
ဇွန်လ ၁၅ ရက်က ကျင်းပသည့်အစည်းအဝေး စတုတ္ထနေ့တွင် ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသ ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မကြာမီအချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အများပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးအတွက် မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့။
အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UN-CAC) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာသတင်းအချက်အလက်များ၊ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံများ မျှဝေရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများ တင်ပြဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ကော်မရှင်အဖွဲ့ဝင်များက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သည့် ကိုယ်စားလှယ်နှစ်ဦးတို့က အစည်းအဝေးခန်းမအတွင်း ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၃)
-
အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များက ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာသတင်းအချက်အလက်များ၊ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံ များမျှဝေရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများဆွေးနွေးခဲ့။
Add new comment