ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား ပေးအပ်ပွဲကို ဇွန်လ ၁၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်လိုဏ်ဂူအတွင်း၌ ကျင်းပပြုလုပ်ရာ စစ်တွေမြို့၊ နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်အမှူးပြုသော သံဃာတော်အရှင်သူ မြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူတော်ငွေကျပ် ၁,၀၆၀ သိန်းအားပေးအပ်လှူဒါန်းရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၆-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူငွေ များပေးအပ်ပွဲ သို့ တက်ရောက်ခဲ့။
Add new comment