ပြည်သူလူထုထိခိုက်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့အတွင်း လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

 တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာ၍ နိုင်ငံတော်၏တာဝန်အရပ်ရပ်အား ရယူပြီးနောက် နိုင်ငံတစ်ဝှမ်းလုံးတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်နေသည့်အပေါ် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအကြမ်းဖက်သမားများဖြစ်သော PDF အမည်ခံ သောင်းကျန်းသူများက နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုများ သေကြေပျက်စီး၍ အထိတ်တလန့်ဖြစ်ပွားကာ အစိုးရအပေါ် ယုံကြည်မှုပျက်ပြားလာစေရန်မြို့၊ ရွာများတွင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်မှုများကို လုပ်ဆောင်လျက်ရှိရာတွင် ဇန်နဝါရီလ ၁၆ ရက် နေ့လယ်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်းရှိ ပြည်သူလူထု၏ နေအိမ်အဆောက်အဦများတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ခိုအောင်း၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် ပြင်ဆင်စုဖွဲ့ လျက်ရှိကြောင်း သတင်းအရ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် နေအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် လုံခြုံရေးကိစ္စရပ်များကို စနစ်တကျဝင်ရောက်ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုကို အကြမ်းဖက်သောင်းကျန်း သူများက ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦများအား အကာအကွယ်ပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါနေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်မှ ညနေ ၂ နာရီ ၃၀ မိနစ်ထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၎င်းအပြင် လွိုင်ကော်မြို့နယ်၊ နန်းမယ်ခုံမြို့အတွင်း ခိုအောင်းရောက်ရှိ လျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင်များက အင်အားဖြည့် လက်နက်ခဲယမ်းများကို ဖြန့်ဝေ၍ လွိုင်ကော်မြို့အတွင်းသို့ အကြမ်းဖက်သူများ ထပ်မံဖြည့်တင်းရန် နန်းမယ်ခုံမြို့အတွင်း စုဝေးလျက်ရှိပြီး အချို့အင်အားစုများမှာ လွိုင်ကော်မြို့အတွင်း အကြမ်းဖက်မှုလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ယာဉ်များဖြင့် ထွက်ခွာလာကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများက သတင်းပေးပို့လာသဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နိုင်မှုမရှိစေရေး သောင်းကျန်းသူများ၏ စစ်ကူပစ်ကူများအား တပ်မတော်က လေကြောင်းနှင့် အမြောက်တို့ဖြင့် ပိုင်းဖြတ်ပစ်ခတ်၍ ထိန်းချုပ် ဆောင်ရွက်ခဲ့ သည်။

ထိုသို့ အကြမ်းဖက်သမားများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအား သေကြေထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုများကို တားဆီးရန် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူလူထု နှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်သမားများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအား သေကြေထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုများကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူလူထုနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိ။
  • ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်မှုကို အကြမ်းဖက်သောင်းကျန်းသူများက  ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦများအား အကာအကွယ်ပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့။
  • တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများက သတင်းပေးပို့လာမှုကြောင့်  အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမရှိစေရေး သောင်းကျန်းသူများ၏ စစ်ကူပစ်ကူများအား တပ်မတော်က လေကြောင်းနှင့် အမြောက်တို့ဖြင့် ပိုင်းဖြတ်ပစ်ခတ်၍ ထိန်းချုပ်ဆောင်ရွက်ခဲ့။

Add new comment