နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာနအသီးသီးမှ အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြား

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင်-

  • အရာရှိငယ်များအား တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုစသည်တို့နှင့်ပတ်သက်၍ မှန်မှန်ကန်ကန် သိရှိနားလည်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားနိုင်ရန် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း။
  • နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းသည် အမျိုးသားနိုင်ငံရေးဖြစ်ပြီး နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးမှာ သမိုင်းနှင့်ချီ၍ ဖြစ်ပေါ်လာခဲ့သည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိပြီး ဒေသအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားမှုများရှိရာ သွင်ပြင်လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ တူညီမှုမရှိကြဘဲ တောင်တန်းဒေသနှင့် ပြည်မ ဒေသတို့သည် ရာသီဥတု၊ မြေအနေအထား၊ လမ်းပန်းဆက်သွယ်မှု၊ ပညာရေးနှင့် ကူးလူးဆက်ဆံမှုများ ကွာခြားမှုရှိသဖြင့် တစ်ပြေးညီတိုးတက်ခြင်းမရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်သို့ ကျရောက်ချိန်တွင် အင်္ဂလိပ်တို့၏ တောင်တန်း-ပြည်မ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေခဲ့ကြောင်း၊ ကိုလိုနီလက်အောက်မှ ရုန်းထွက်ချိန်တွင် ပညာတတ် များ နည်းပါးခြင်းနှင့် စုစည်းညီညွတ်သည့်အားများ နည်းပါးမှုများရှိခဲ့၍ လွတ်လပ်ရေးကို ခက်ခဲစွာကြိုးပမ်းရယူခဲ့ရကြောင်း။
  • အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ရာတွင် နိုင်ငံ၏သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိထားမှသာ မိမိတို့၏အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံ ဥပဒေ (၁၉၄၇ ခုနှစ်)ကို ကျင့်သုံးခဲ့ကြောင်း။
  • နိုင်ငံတော်၌ ဆိုရှယ်လစ်စနစ်ကျင့်သုံးနိုင်ရေးအတွက် တော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထားကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်းမှတ်တမ်းများ၌ တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံရေးအရအခက် အခဲနှင့် သမိုင်းကြောင်းများအပြင် စီးပွားရေးအရအခက်အခဲနှင့် သမိုင်းကြောင်းများကြောင့် ဖြစ်ကြောင်း။
  • ထိုသို့အခက်အခဲ၊ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုကို တပ်မတော်ခေါင်းဆောင်များက သတိထားတွေ့မြင်ခဲ့ပြီး တိုင်းပြည်၏ အနာဂတ်အရေးအတွက် မျှော်တွေးထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။
  • ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊ စီမံခန့်ခွဲမှုအားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပေါ်လာခဲ့ကြောင်း၊ အရေးအခင်းဖြစ်ပွားခဲ့ရခြင်းသည် နိုင်ငံရေးပဋိပက္ခများထက် စီးပွားရေးကျဆင်းခဲ့ရမှုများ ကြောင့် အခြေခံပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း။
  • ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေး တပ်မတော်မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ရကြောင်း။
  • ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
  • ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရဒုတိယသက်တမ်းတွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ လုပ်သင့်လုပ် ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း။
  • ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင်လည်း အုပ်ချုပ်သူအစိုးရအဖွဲ့အနေဖြင့် အကျပ်အတည်းများစွာ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်မှ ကူညီဖြေရှင်းပေးခဲ့ရကြောင်း။
  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော် ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
  • ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်းနေသည့်၊ ပြည်သူလူထုမှ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာရေးအတွက်သာဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါလမ်းကြောင်းပေါ်မှ သွေဖည်အောင် ဆောင်ရွက်မည် မဟုတ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူသည့်အချက်အား မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ပေးသွားမည်ဖြစ်ကြောင်း။
  • တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရာ၌ မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိအလုပ်ကို သစ္စာရှိရမည်၊ မိမိမိသားစုကို သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို၊ မိမိတပ်မတော်အပေါ်၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်ခံယူချက် မြင့်မားရမည်ဖြစ်ကြောင်း မှာကြားခဲ့။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၃)

 

  • နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းသည် အမျိုးသားနိုင်ငံရေးဖြစ်ပြီး နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်။
  • အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ရာတွင် နိုင်ငံ၏သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိထားမှသာ မိမိတို့၏ အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်။
  • ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေး တပ်မတော်မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့။
  • ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရဒုတိယသက်တမ်းတွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ လုပ်သင့်လုပ် ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိခဲ့ရ။
  • ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင်လည်း အုပ်ချုပ်သူအစိုးရအဖွဲ့အနေဖြင့် အကျပ်အတည်းများစွာ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်မှ ကူညီဖြေရှင်းပေးခဲ့ရ။
  • မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်အောင် ဆောင်ရွက်မည်မဟုတ်။
  • အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူသည့်အချက်အား မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ပေးသွားမည်ဖြစ်။

Add new comment