နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်တွေမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သက္ကေယ်ပြင် IDP Camp တို့သို့ သွားရောက်ကြည့်ရှု

       အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဇွန်လ ၁၅ ရက်တွင် စစ်တွေမြို့ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဘုရားကျောင်း ကျောင်းထိုင်ဆရာတော်က မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘာသာရေးဆိုင်ရာများ ဆွေးနွေးတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နှစ်သက်ရာဘာသာအပေါ် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသော်လည်း အားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသူများသာဖြစ်၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိရန်လိုကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်မှုဖြင့် မိုခါမုန်တိုင်း၏ထိခိုက်မှုအပေါ် အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • မုန်တိုင်းမတိုက်ခိုက်မီ ကြိုတင်ပြင်ဆင်ခဲ့မှုများကြောင့် မုန်တိုင်းမှာအလွန့် အလွန်ပြင်းထန်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊
  • အဖထာဝရဘုရားရှင်၏ နာမတော်ကျေးဇူးတော်တို့ဖြင့် ဘာသာသာသနာအကျိုးကို အကောင်းဆုံးထမ်းဆောင်နိုင်စေရန် ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားပြီး ခရစ်ယာန်ဘာသာရေးအဖွဲ့များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သက္ကေယ်ပြင် IDP Camp သို့သွားရောက်ကာ အဆိုပါ IDP Camp တွင် နေထိုင်သူများအားတွေ့ဆုံ၍

  • နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား မည်သူမဆို နိုင်ငံတော်၏အကောင်းအဆိုးမှန်သမျှကို အားလုံးဝေမျှခံစားရသည့် အခြေအနေများ၊
  • ယခုအခါမိုခါမုန်တိုင်း၏ ဘေးအန္တရာယ်ကိုလည်း ခံစားခဲ့ရသလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း တက်ညီလက်ညီဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများ၊
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စားရေအဆင်ပြေစေရန်နှင့် အမိုးအကာအောက်တွင် လုံခြုံစွာနေထိုင်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး စားသောက် ဖွယ်ရာများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်များနှင့် တာပေါ်လင်လိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၆-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သက္ကေယ်ပြင် IDP Camp သို့သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့။

Add new comment