အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါ၍ ဇွန်လ ၁၅ ရက်တွင် စစ်တွေတပ်နယ်နှင့် ရသေ့ တောင်တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမများတွင် သီးခြားစီ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-
- အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် လေတိုက်နှုန်း ၁ နာရီ ၁၂၀ ခန့် တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခိုင်၍ ကျော်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း။
- တပ်မတော်သားများအနေဖြင့် အထက်မှ ပေးအပ်သော တာဝန်ကို (၂၄)နာရီ တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ မိသားစုအတွက် နောက်ဆံမတင်းဘဲ တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်နိုင်ရန် မိသားစု လုံလုံခြုံခြုံနေထိုင်စားသောက်နိုင်ရန် တာဝန်ရှိသူများက စီမံပေးရန်လိုကြောင်း။
- စားသောက်ရေးသည် အရေးကြီးဆုံးဖြစ်ပြီး တပ်မတော်မှ ချမှတ်ပေးထားသော စိုက်ပျိုးမွေးမြူရေးလမ်းညွှန်ချက်များနှင့်အညီ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုနှစ်စိုက်ပျိုးရေးရာသီအတွင်း ပြန်လည် စိုက်ပျိုးနိုင်ရန်အထိ ကြိုးပမ်းသွားရန်နှင့် လိုအပ်သောမျိုးများကိုလည်း တစ်ပါးတည်းပေးအပ်ခဲ့မည်ဖြစ်ကြောင်း။
- တစ်နာရီလျှင် မိုင် ၁၂၀ ထိ တိုက်ခိုက်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မုန်တိုင်းဖြစ်သော်လည်း နိုင်ငံတော်အပိုင်းမှ ကြိုတင်ပြင်ဆင်မှု၊ အသိပညာပေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် အားလုံး၏ လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးသာကြုံတွေ့ခဲ့ရကြောင်း။
- တပ်မတော်သားမိသားစုဝင်များအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များအား ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား လိုက်လံကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၆-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် စစ်တွေတပ်နယ်နှင့် ရသေ့တောင်တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ၍ အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့။
Add new comment