ရခိုင်ပြည်နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့မှုအပေါ် ကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အမှာစကားပြောကြားရာတွင်-
-
စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသနှင့်ကိုက်ညီသော မျိုးစပါးများ အချိန်မီရောက်ရှိအောင် စီမံပေးလျက်ရှိပြီး မိုးစပါးထွန်ယက်ရေးအသုံးပြုနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း လိုအပ်သောမြို့နယ်များသို့ လယ်ထွန်စက် ၈၅ စီးဖြင့် ထွန်ထယ်လုပ်ငန်းများကို ဆောင်ရွက်သွားရန် စီမံထားပြီးဖြစ်ကြောင်း။
-
ဝန်ကြီးဌာနအလိုက် အဆောက်အဦများပြုပြင်ရာတွင် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုပြီး ဝန်ကြီးချုပ်၏မူဝါဒဖြစ်သော မူလအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
-
စားသောက်ကုန်နှင့်ပတ်သက်၍ ပြည်သူအားလုံး လုံလောက်စွာ စားသောက်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး စားသောက်ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တစ်နိုင်နှင့် တစ်အုပ်တစ်မ စီးပွားဖြစ် ထုတ်လုပ်နိုင်စေရန် ပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ စတင်ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း။
-
ဆက်သွယ်ရေးကဏ္ဍဆောင်ရွက်မှုအနေဖြင့် ရေဒီယိုစခန်း ၁,၂၃၃ ခုရှိသည့်အနက် ၈၉၂ ခုပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်၍ ၉၉ ဒဿမ ၀၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
-
လျှပ်စစ်ကဏ္ဍအနေဖြင့် ပုဏ္ဏားကျွန်း - စစ်တွေအမှတ်(၁)ဓာတ်အားလိုင်းမှ ဇွန်လ ၆ ရက်တွင် စစ်တွေ ၆၆ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၁)သို့လည်းကောင်း၊ ဇွန်လ ၈ ရက်တွင် စစ်တွေဓာတ်အားခွဲရုံအမှတ်(၂) ဆတ်ရိုးကျဓာတ်အားခွဲရုံသို့လည်းကောင်း ဓာတ်အားများ ပို့လွှတ်ခဲ့ပြီး စုစုပေါင်းထရန်စဖော်မာ ၂၄၅ လုံးဖြင့် စစ်တွေမြို့အတွင်း ရပ်ကွက် ၃၃ ရပ်ကွက်သို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည့်အပြင် ဇွန်လ ၇ ရက်တွင် ပုဏ္ဏားကျွန်းရှိ မြို့ပေါ်ရပ်ကွက်အားလုံး သို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်သည်ကို တွေ့ရှိရပြီး ကျန်ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအား ဇူလိုင်လပထမပတ်အပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
-
ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် သောက်သုံးရေသန့်ရရှိရေးအတွက် ရွေ့လျားရေသန့်စင်ကား ၆ စီးကို စစ်တွေ၊ မင်းပြား၊ ရသေ့တောင်မြို့များတွင် ဖြန့်ခွဲထားပြီး တစ်ရက်လျှင် ရှစ်နာရီကြာ ရေ ဂါလန် ၃၂,၀၀၀ ခန့် ဖြန့်ဝေပေးလျက်ရှိကြောင်း။
-
စစ်တွေမြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များတွင် လိုအပ်သော သန့်ရှင်းရေးနှင့် အဆောက်အဦပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဇွန် ၁ ရက်မှစ၍ စတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း။
-
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင်ရှိသော ပြည်သူလူထုများအား မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် အထူးကုဆေးအဖွဲ့ နှစ်ဖွဲ့၊ အရေးပေါ် တုံ့ပြန်ရေးဆေးအဖွဲ့ ၈ ဖွဲ့ဖြင့် မေလ ၁၆ ရက်မှစတင်၍ ကျန်းမာရေးစောင့် ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း။
-
သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လမ်း၊ တံတားများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေဘဲ အမြန်ဆုံးဖြတ်သန်းသွားလာနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက မေလ ၁၈ ရက်မှစတင်၍ လမ်း၊ တံတား များကို စတင်ပြန်လည်တည်ဆောက်လျက်ရှိကြောင်း။
-
နိုင်ငံတကာ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲလုပ်ငန်းများအား IDP များနှင့် ဘင်္ဂါလီများအပေါ် ထောက်ပံ့ပေးမှုများအနေဖြင့် ပြည်နယ်အစိုးရ ခွင့်ပြုချက်ရယူ၍ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။
-
မိုခါမုန်တိုင်းဒဏ်ခံရသည့်နေရာများသို့ ကယ်ဆယ်ရေး၊ ကူညီရေး၊ ထောက်ပံ့ရေးပစ္စည်းများကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံ၏ဗဟိုချက်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ DMC သို့ ပေးအပ်လှူဒါန်း နိုင်ပြီး ထိုအဖွဲ့မှတစ်ဆင့် ရေယာဉ်၊ လေယာဉ်များဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ ဖြန့်ဝေစေလိုသော လိုအပ်သည့်နေရာများကို ဆက်လက်ဖြန့်ဖြူးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
-
နိုင်ငံတကာအကူအညီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေး On-Side Operation Coordination Centre ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းများရှိ၍ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
-
ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ အမြန်ဆုံး စိတ်အေးချမ်းသာစွာဖြင့် မိမိလုပ်ငန်းများလုပ်ကိုင်နိုင်ရေး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ်အဆင့်တို့မှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒေါက်တာအောင်ကျော်မင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၅-၆-၂၀၂၃)
-
ဝန်ကြီးဌာနအလိုက် အဆောက်အဦများပြုပြင်ရာတွင် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုပြီး ဝန်ကြီးချုပ်၏မူဝါဒဖြစ်သော မူလအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား ရန်လို။
-
နိုင်ငံတကာ၏ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲလုပ်ငန်းများအား IDP များနှင့် ဘင်္ဂါလီများအပေါ် ထောက်ပံ့ပေးမှုများအနေဖြင့် ပြည်နယ်အစိုးရခွင့်ပြုချက်ရယူ၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်လို။
-
မိုခါမုန်တိုင်းဒဏ်ခံရသည့်နေရာများသို့ ကယ်ဆယ်ရေး၊ ကူညီရေး၊ ထောက်ပံ့ရေးပစ္စည်းများကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ DMC သို့ ပေးအပ်လှူဒါန်းနိုင်ပြီး ထိုမှတစ်ဆင့် ရေယာဉ်၊ လေယာဉ်များဖြင့် လိုအပ်သည့်နေရာများကို ဆက်လက်ဖြန့်ဖြူးသွားမည်ဖြစ်။
-
ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ မိမိလုပ်ငန်းများလုပ်ကိုင်နိုင်ရေး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ်အဆင့်တို့မှ တာဝန်ရှိသူများနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်လို။
Add new comment