နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

     အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးကို ဇွန်လ ၁၂ ရက်တွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • သားငါးကဏ္ဍကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ ကုန်ဈေးနှုန်းကျဆင်းစေရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးဖြစ် ကြောင်း။
  • နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ပြီးနောက်ပိုင်းတွင် ပြည်တွင်းမှ သဘောထားကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေးကဏ္ဍထိခိုက်အောင် ဆောင်ရွက်ခြင်းများ ရှိသကဲ့ သို့ ပြည်ပမှလည်း အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း။
  • ကမ္ဘာတစ်ဝှန်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီဈေးနှုန်းများကြီးမြင့်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းနှင့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းများ ဖြစ်ပေါပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ခြင်းသည် မိမိတို့နိုင်ငံအပေါ် သက်ရောက်မှုများ ရှိခဲ့ကြောင်း။
  • မိမိတို့နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်းများရှိကြောင်း။
  • ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု ယူဆရကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာခြားချက် ကြီးမားခြင်းနှင့် အဆင့်ဆင့်ရောင်းချမှုများ များပြားခြင်းကြောင့် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။
  • ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေဩဇာများအသုံးပြုရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်၍ တိရစ္ဆာန်များမှထွက်ရှိသည့် စွန့်ပစ် ပစ္စည်းများဖြင့် ဇီဝမြေဩဇာများ အသုံးပြုရေး လမ်းညွှန်မှာကြားထားသကဲ့သို့ ဓာတ်မြေဩဇာများကို ပြည်ပမှ ဝယ်ယူရရှိရေးအတွက် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးထားကြောင်း။
  • လောင်စာဆီဈေးနှုန်းများ ကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရ ကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များ ပိုမိုနေကြောင်း၊ ထို့ကြောင့် မီးရထားနှင့် ပို့ဆောင်ခြင်းနှင့် ရေကြောင်းမှ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ရန်အတွက် မိမိအနေဖြင့် အမြဲမပြတ် တိုက်တွန်းပြောကြားခဲ့ရာ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိခြင်းနှင့်ပတ်သက်၍ အခြေခံအားဖြင့် ဒေသအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါး၊ ဥများမှာ ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိသည်ကို တွေ့ရှိရကြောင်း။
  • ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းပြည်၌ရှိသင့်ရှိထိုက်သည့် ကုန်ဈေးနှုန်းများ ဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများမြှင့်တင်ရန် အရေးကြီးကြောင်း။
  • မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ်သင့်သည့်ကိစ္စရပ်များသောကြောင့် ယခုကဲ့သို့ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ကုန်ဈေးနှုန်းများနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့်တင်မှုရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍-

  • လမ်းခရီးများရှိဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များမရှိစေရေး ပြည်နယ်နှင့်တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင် ရွက်ရန်လိုကြောင်း။
  • အရေးမကြီးသည့် ကုန်ပစ္စည်းများကို ရထားပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရေး အားပေးတိုက်တွန်းလိုကြောင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးသည်လည်း ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်တစ်ခုဖြစ် ကြောင်း။
  • လေကြောင်းပို့ဆောင်ရေးကဏ္ဍတိုးတက်ရေးအတွက် လေယာဉ်ကွင်းများ တိုးချဲ့အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်မည်ဆိုပါက အရေးကြီးသည့်ပစ္စည်းများကို လေကြောင်းမှ တဆင့် မြန်ဆန်စွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း။
  • ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်များ ကြီးမြင့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကုန်စည်ဒိုင်များကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
  • လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်တွင်း၌ ပြည့်ပြည့်ဝဝ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါးနှင့် ဥများ ဈေးနှုန်းကြီးမြင့်မှုများကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • အချို့သောအသားများ၏ ကြမ်းခင်းဈေးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာမှ ဈေးနှုန်းသတ်မှတ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြမ်းခင်းလေလံဈေးများကြီးမြင့်မှုများ ဖြစ်ပေါ်ခြင်းမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ပြည်ထောင်စုနှင့် ညှိနှိုင်း၍ နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုကြောင်း။
  • ဆန်ဈေးနှုန်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အဓိကအားဖြင့် မိုးစပါးကိုစိုက်ပျိုးကြကြောင်း၊ လယ်စိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်မှာ တင်း ၁၀၀ ဖြစ်သဖြင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လိုကြောင်း။
  • ဝမ်းစာဖူလုံရေးသည် ပြည်ထောင်စုအတွက် အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကိုသာမက အခြားသီးနှံစိုက်ပျိုးမှုများကိုလည်း အထွက်နှုန်းများ တိုးတက်အောင် စနစ်တကျ စိုက်ပျိုးရန်လိုကြောင်း။
  • သမဝါယမစနစ်နှင့်ပတ်သက်၍မိမိတို့နိုင်ငံတွင် စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံးရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါကအောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်းနှင့်  နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးတင်ပြမှုများအရ ဆောင်ရွက်သင့်သည့်အချက်များကို သိရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုအပိုင်းတွင် အခြေခံစားကုန်များနှင့်ပတ် သက်၍ အဓိကထား ဆွေးနွေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မူဝါဒများချမှတ်ခြင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များကို လုပ်ပိုင်ခွင့်များပေးထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝင်ငွေရရှိရန် လိုအပ်သဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အလားတူပင်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများသည် ပြည်တွင်းဈေးကွက် လိုအပ်ချက်ကိုသာမက ပြည်ပဈေးကွက် များသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်ရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၃)

 

  • မိမိတို့နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်းများရှိ။
  • ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု ယူဆရ။
  • ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာခြားချက် ကြီးမားခြင်းနှင့် အဆင့်ဆင့်ရောင်းချမှုများ များပြားခြင်းကြောင့် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရှိရ။
  • လမ်းခရီးများရှိ ဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များမရှိစေရေး ပြည်နယ်နှင့်တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန်လို။
  • လေကြောင်းပို့ဆောင်ရေးကဏ္ဍတိုးတက်ရေးအတွက် လေယာဉ်ကွင်းများ တိုးချဲ့အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ၊ ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်မည်ဆိုပါက အရေးကြီးသည့်ပစ္စည်းများကို လေကြောင်းမှတဆင့် မြန်ဆန်စွာ တင်ပို့နိုင်မည်ဖြစ်။
  • ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်များ ကြီးမြင့်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ကုန်စည်ဒိုင်များကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လို။

Add new comment