ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- ဇွန်လ ၁၂ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဦးရာဇ်မင်္ဂလာကြိုးတံတား၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်း များ ပြင်ဆင်နေမှုနှင့် ပြုပြင်ပြီးစီးမှု၊ စစ်တွေဆိပ်ကမ်း၌ သင်္ဘောများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများကို မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့သို့ ထွက်ခွာမည့် ရေယာဉ်များပေါ်သို့ တင်ဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် သီးစုံဒံပေါက်ထုပ်များအား ပေးအပ်ခြင်းများဆောင်ရွက်ခဲ့။
- ဇွန်လ ၁၂ ရက်တွင် ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်ကျော်မိုးတို့သည် ကျေးရွာကိုယ်စားလှယ်များ၊ မုန်တိုင်းသင့်ဒေသခံပြည်သူများ၊ အမိုးလန်ပျက်စီးခဲ့ သည့် ဘုန်းတော်ကြီးကျောင်းများအား အမိုးသွပ်များ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့။
- ဇွန်လ ၁၂ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့အတွင်းရှိ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနေမှုကို ကြည့်ရှုအားပေး၍ သီးစုံဒံပေါက်ထမင်းဘူးများ ပေးဝေလှူဒါန်းခဲ့။
- ဇွန်လ ၁၂ ရက်တွင် စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် လမ်းဘေး ဝဲ/ယာ၌ လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်တိုင်များ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ခဲ့။
ထိုသို့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃ -၆-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
Add new comment