နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၉ ရက်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)မှ တာဝန်ရှိသူများက အစည်းအဝေးခန်းမတွင် မြဝတီရုပ်မြင်သံကြားထုတ်လွှင့်မှုပိုင်းဆိုင်ရာများနှင့် သဇင် FM ထုတ်လွှင့်မှု ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသည့် သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် အများပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပသတင်းများကို မှန်မှန်ကန်ကန် နှင့် အချိန်နှင့်တပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့်နေရန်လိုကြောင်း၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် ရေဒီယိုအသံလွှင့်ခြင်းများဆောင်ရွက်ရာတွင် အများပြည်သူ စိတ်ဝင်စားမှုဖြစ်စေမည့် အစီအစဉ်များနှင့် အသိပညာပေးအစီအစဉ်များကိုလည်း ထုတ်လွှင့်ရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင်-
- ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်းတစ်ခုပင်ဖြစ်သဖြင့် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုးပြုသည့်လုပ်ငန်းတစ်ရပ်ဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း။
- ဒေသအလိုက် တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေသခံပြည်သူများသာမက ရှေ့တန်းရောက် တပ်မတော်သားများအနေဖြင့်လည်း အသံထုတ်လွှင့်မှုအစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်လိုကြောင်း။
- ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ရည်ရွယ်ချက်မှာ “ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နှင့် စည်းရုံးရန်” ဖြစ်ကြောင်း။
- ပြည်သူလူထုသို့ ပြန်ကြားရေးတာဝန်များကို ထမ်းဆောင်နေကြရသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့်ပတ်သက်၍လည်း မှန်မှန်ကန်ကန် သိရှိထားရန်လိုကြောင်း။
- ပြည်သူများအတွက် ပညာပေးအစီအစဉ်များထုတ်လွှင့်ရာတွင် ပြည်သူများ အမှန်တကယ်ပညာရရှိနိုင်သည့် ထုတ်လွှင့်မှုများဖြစ်ရန်လိုသဖြင့် ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း။
- သမိုင်းသည် မိမိတို့အတွက် တန်ဖိုးဖြတ်၍မရနိုင်သဖြင့် အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်းမှတ်ရာထိန်းသိမ်းခြင်းများကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်နေရန်လိုကြောင်း။
- ယခုလက်ရှိတာဝန်ထမ်းဆောင်နေသူများသည် ပစ္စုပ္ပန်သမိုင်းကို ရေးထိုးနေကြသူများဖြစ်သဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့၏ကောင်းမွန်သည့်သမိုင်းများ ကျန်ရှိမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်မှူးက လက်ခံရယူခဲ့ပါ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုသည့် OB Van (Outdoor Broadcasting Van)နှင့် Uplink Vehicle ယာဉ်များ အသုံးပြုလျက်ရှိမှု အခြေအနေများနှင့် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)စက်ရုံအတွင်း လှည့်လည်၍ ပြင်ဆင်ခန်းများ၊ သတင်းထုတ်လွှင့်ခန်းများ၊ တည်းဖြတ်ခန်းများနှင့် ဂြိုလ်တုစက်ခန်းများအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနအလိုက်တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်သည်များကို လုပ်ငန်းခွင်မပျက် အပိုင်းလိုက်ခွဲ၍ ပြုပြင်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၆-၂၀၂၃)
- ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်းတစ်ခုပင်ဖြစ်သဖြင့် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုးပြုသည့်လုပ်ငန်းတစ်ရပ်ဖြစ်အောင်ဆောင်ရွက်ရန်လို။
- ပြည်သူများအတွက် ပညာပေးအစီအစဉ်များထုတ်လွှင့်ရာတွင် ပြည်သူများ အမှန်တကယ်ပညာရရှိနိုင်သည့် ထုတ်လွှင့်မှုများဖြစ်ရန်လိုသဖြင့် ဂရုစိုက်ဆောင်ရွက်ရန်လို။
- ပြည်သူလူထုသို့ ပြန်ကြားရေးတာဝန်များကို ထမ်းဆောင်နေကြရသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့်ပတ်သက်၍လည်း မှန်မှန်ကန်ကန် သိရှိထားရန်လို။
- သမိုင်းသည် မိမိတို့အတွက် တန်ဖိုးဖြတ်၍မရနိုင်သဖြင့် အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်းမှတ်ရာထိန်းသိမ်းခြင်းများကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်နေရန်လို။
Add new comment