ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတစ်ရပ်ကို နေပြည်တော်၌ ကျင်းပပြုလုပ်

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ဇွန်လ ၈ ရက်တွင် နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့က သဘောတူညီချက် ၄ ခုကို   လက်မှတ်ရေးထိုး လဲလှယ်ခဲ့ရာ-

  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြား တရုတ်နိုင်ငံက အကူအညီပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအတွက် လွှဲပြောင်းလက်ခံလွှာများကို လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ သန်း တန်ဖိုးရှိ ကာကွယ်ဆေး ၃ သန်းနှင့် ဆေးထိုးအပ်များ ထောက်ပံ့ပေးအပ်မည်ဖြစ်။

  • သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး)အတွက် အွန်လိုင်းဝန်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့သည့် စီမံကိန်းဆိုင်ရာသဘောတူညီချက်ကို လဲလှယ်ခဲ့ပြီး အဆိုပါစီမံကိန်းသည် တရုတ် နိုင်ငံသုံး ငွေကြေး   ယွမ် ၇၁၇,၂၀၀ တန်ဖိုးရှိသည့် စီမံကိန်းဖြစ်။

  • အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် ဆန်းစစ်လေ့လာမှုပြုလုပ်မည့် စီမံကိန်းဆိုင်ရာသဘောတူညီချက်ကို လဲလှယ်ခဲ့ပြီး အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာ နိုင်ငံအား တရုတ်နိုင်ငံသုံးငွေကြေး ယွမ် ၂,၀၀၀,၀၀၀  ကို   စီမံကိန်းအတွက် ထောက်ပံ့ပေးအပ်မည်ဖြစ်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့။

  • အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာသုတေသန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အရည်အသွေးမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးနယ်ပယ်များ၌ ဝန်ကြီး ဌာန ၇ ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း ၁၄ ခုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းကို မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်။

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊  ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၆-၂၀၂၃)

 

  • မြန်မာနှင့်တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ တရုတ်နိုင်ငံက အကူအညီပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအတွက် လွှဲပြောင်းလက်ခံလွှာများ၊ အွန်လိုင်း ဝန်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့သည့် စီမံကိန်းဆိုင်ရာသဘောတူညီချက်၊ အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် ဆန်းစစ်လေ့လာမှုပြုလုပ်မည့် စီမံကိန်းဆိုင်ရာသဘောတူညီချက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှု ဆိုင်ရာသဘောတူညီချက် စသည့်သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့။

 

Add new comment