အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ (The Role of Governors in India’s Federalism) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၈ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Vinay Kumar နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ကိုယ်စား KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က ဦးစွာနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံမှ ပညာရှင် Professor Sudarshan Ramaswamy က အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသူများ အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံများ၊ Governor များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ နိုင်ငံတကာအတွေ့အကြုံများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ အငြိမ်းစားတပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာအရာထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Vinay Kumar နှင့် သံရုံးမှ တာဝန်ရှိသူများ၊ ဒေါက်တာနော်ကပေါ်ထူးဦးဆောင်သည့် NCA-S EAO ခုနစ်ဖွဲ့(ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ NMSP၊ PNLO၊ RCSS) တို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၆-၂၀၂၃)
|
Add new comment