သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဇွန်လ ၈ ရက်တွင် ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-
-
“သစ်တောနှင့် သစ်ပင်ချစ်ခင်သည့်လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး” ဟူသည့် ဆောင်ပုဒ်အတိုင်း သစ်တောများနှင့်သစ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများသည် တိုင်းပြည်တစ်ပြည်အတွက် ကောင်းကျိုးများစွာကို ဖန်တီးပေးခြင်းပင်ဖြစ် ကြောင်း။
-
နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရေး ယခုကဲ့သို့မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း။
-
တပ်မတော်တစ်ရပ်လုံးအနေဖြင့်ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၂ အထိ စုစုပေါင်း သစ်ပင် ၂၁ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သန်းကျော် ရှင်သန်သဖြင့် ၇၀ ရာခိုင်နှုန်းကျော် ရှင်သန်သည်ကို တွေ့ရှိရကြောင်း။
-
သစ်ပင်သစ်တောများပြုန်းတီးလာခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခဲ့ရပြီး သဘာဝဘေးအန္တရာယ်များကိုကြုံတွေ့ခဲ့ရကာ အသေအပျောက်များနှင့် အပျက်အစီးများစွာကိုလည်း ကြုံတွေ့ခဲ့ရကြောင်း။
-
သစ်တောတစ်ခုကို ဖန်တီးမည်ဆိုပါက အနည်းဆုံးဆယ်နှစ်နှင့်အထက် ကြာမြင့်မည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် အရိပ်အာဝါသနှင့်လုံခြုံမှုကို ပေးစွမ်းကြမည်ဖြစ်ကြောင်း။
-
သစ်ပင်စိုက်ပျိုးပွဲများကို အချိန်၊ ငွေကြေး၊ လုပ်အားစသည့်အရင်းအနှီးများ ကုန်ကျခံ၍ ပြုလုပ်နေခြင်းသည် မိမိတို့တိုင်းပြည်အတွက်ပင်ဖြစ်ပြီး အမျိုးသားရေးကိစ္စရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ကို နားလည်မှုအပြည့်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းဖြင့် မှာကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာသည့် တပ်မတော်အကြီးအကဲများ၊ အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးခဲ့ ကြပါသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဇွန်လ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၁,၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၁၀,၃၉၈ ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၆-၂၀၂၂)
-
တပ်မတော်တစ်ရပ်လုံးအနေဖြင့်ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၂ အထိ စုစုပေါင်း သစ်ပင် ၂၁ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သန်းကျော် ရှင်သန်သဖြင့် ၇၀ ရာခိုင်နှုန်းကျော် ရှင်သန်သည်ကို တွေ့ရှိရ။
-
သစ်ပင်စိုက်ပျိုးပွဲများကို အချိန်၊ ငွေကြေး၊ လုပ်အားစသည့်အရင်းအနှီးများ ကုန်ကျခံ၍ ပြုလုပ်နေခြင်းသည် မိမိတို့တိုင်းပြည်အတွက်ပင်ဖြစ်ပြီး အမျိုးသားရေးကိစ္စရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ကို နားလည်မှုအပြည့်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်။
-
ဇွန်လ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၁,၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၁၀,၃၉၈ ပင်ကို စိုက်ပျိုးခဲ့။
Add new comment