အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-
- “အောင်ဘာလေ” အွန်လိုင်းသိန်းဆုထီစနစ် အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို ပုံနှိပ်ပြီး ရောင်းချသည့်စနစ်အပြင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေပြီး ထီကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း အွန်လိုင်းမှလွယ်ကူစွာ ထီကံစမ်းနိုင်ရန်အတွက်ဖြစ်ကြောင်း။
- ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးတရားဝင်အသုံးပြုတော့မည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် အက်ပလီကေးရှင်းကို စတင်မိတ်ဆက်မည်ဖြစ်ကြောင်း။
- လက်ရှိရောင်းချလျက်ရှိသည့် အောင်ဘာလေသိန်းဆုထီလက်မှတ်စနစ်၏ အားနည်းချက်များအပေါ် ပြည်သူလူထုက ဝေဖန်မှုများရှိနေသည်ကိုသိရှိရပြီး အထူးသဖြင့် ထီလက်မှတ်ဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်းထက် ထီဆိုင်များက ဈေးကြီးပြီး ဝယ်ယူကံစမ်းရနေကြရခြင်းအပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုမှုများရှိသည်ကို တွေ့ရှိရကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့ကျန်းမာပျော်ရွှင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၌ အောင်ဘာလေအွန်လိုင်းထီစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည်လည်း ပြည်သူများအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
- မိမိတို့အစိုးရလက်ထက်တွင် ထီဆုငွေကိုလည်း ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှုပြီး ယခင်က ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ခွဲဝေထုတ်ပေးနေရာမှ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီး ဆုမဲခွဲဝေချီးမြှင့်ခဲ့ကြောင်း။
- နိုင်ငံတကာတွင် ခေတ်မီဆန်းသစ်သည့် Digital နည်းပညာများဖြင့် လုပ်ကိုင်လာသည့်အချိန်တွင် မြန်မာနိုင်ငံ၌လည်း အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ထီကံစမ်းသူများ အလွယ်တကူစိတ်ကြိုက်နံပါတ်များ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး အဆင်ပြေလွယ်ကူစွာ ထီကံစမ်းနိုင်ကြတော့မည်ဖြစ်ကြောင်း။
- အောင်ဘာလေအွန်လိုင်းသိန်းဆုထီအက်ပလီကေးရှင်းကို အသုံးပြုပြီး ကံစမ်းသူများအနေဖြင့် ထီဖွင့်ပွဲကျင်းပချိန်တွင်လည်း ထီတိုက်ရန်မလိုဘဲ ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို SMS ပေးပို့အကြောင်းကြားလာမည်ဖြစ်ပြီး ထီဆုငွေထုတ်ယူရာတွင်လည်း ပမာဏနည်းသည့် ဆုကြေးငွေများကို အွန်လိုင်းမှ လွှဲပြောင်းပေးခြင်း၊ ထီကံထူးသူများ၏ ဘဏ်ငွေစာရင်းအကောင့်သို့ ပေးပို့ခြင်းများကို အီလက်ထရောနစ်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရကြောင်း။
- အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို စတင်နိုင်ခြင်းသည် ဒီဂျစ်တယ်နည်းပညာနှင့် မိုဘိုင်းငွေပေးချေမှုစနစ်များ အသုံးပြုပြီး လွယ်ကူစွာ ထီကံစမ်းနိုင်သည့် Digital Lottery Platform စနစ်သစ်ကို စတင်မိတ်ဆက်အသုံးပြုနိုင်ခြင်းပင်ဖြစ်ကြောင်း။
- အကျိုးဆက်အဖြစ် အနာဂတ်တွင် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုတိုးတက်စေရေး၊ နိုင်ငံတော်၏ဒီဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချစေရေး (Cashless Society) အစရှိသည့် ကောင်းကျိုးများစွာတို့အတွက် အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
- အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် Telecom International Myanmar Co., Ltd တို့က ပူးပေါင်းပါဝင် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော်ဆောင်ရွက်ထား သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စုဘူးအတွင်းသို့ အောင်အတိတ်အောင်နိမိတ်ဆောင် အောင်မင်္ဂလာရွှေဒင်္ဂါးကိုထည့်သွင်း၍ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်သစ်ကြီးကို စတင်ဖွင့်လှစ်ပေးခဲ့ပြီးနောက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ဖွင့်ပွဲအထိမ်းအမှတ် Logo ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပေးအပ်ခဲ့ပါသည်။ ထို့နောက်အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်နှင့်ပတ်သက်၍ Mytel မှ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဒေါက်တာနီလာအေးက အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် Mobile Application Download မှသည် သိန်းဆုထီများထုတ်ယူပုံအထိ မည်သို့မည်ပုံဆောင်ရွက်သွားရမည့် Procedure နှင့်အားသာချက်များကို တစ်ဆင့်ချင်း ရှင်းလင်းတင်ပြခဲ့ပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား Viettel Group မှ Vice President Major General Nguyen Thanh Nam က ကျေးဇူးတင်စကားပြောကြား၍ Mytel မှ တာဝန်ရှိသူများထံ Mytel (၅) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် Mobile Application အသုံးပြုမှုကို ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား Viettel Group မှတာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၆-၂၀၂၃)
- မြန်မာနိုင်ငံ၌ အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ထီကံစမ်းသူများ အလွယ်တကူစိတ်ကြိုက်နံပါတ်များ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး မြို့ပြနှင့်ကျေးလက်နေ ပြည်သူများအားလုံး အဆင်ပြေလွယ်ကူစွာ ထီကံစမ်းနိုင်ကြတော့မည်ဖြစ်။
- အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို အသုံးပြုပြီး ကံစမ်းသူများအနေဖြင့် ထီဖွင့်ပွဲကျင်းပချိန်တွင်လည်း ထီတိုက်ရန်မလိုဘဲ ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို SMS ပေးပို့ အကြောင်းကြားလာမည်ဖြစ်ပြီး ထီဆုငွေထုတ်ယူရာတွင်လည်း ပမာဏနည်း သည့် ဆုကြေးငွေများကို အွန်လိုင်းမှ လွှဲပြောင်းပေးခြင်း၊ ထီကံထူးသူများ၏ ဘဏ်ငွေစာရင်းအကောင့်သို့ ပေးပို့ခြင်းများကို အီလက်ထရောနစ်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်။
- အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို စတင်နိုင်ခြင်းသည် ဒီဂျစ်တယ်နည်းပညာနှင့် မိုဘိုင်းငွေပေးချေမှုစနစ်များ အသုံးပြုပြီး လွယ်ကူစွာ ထီကံစမ်းနိုင်သည့် Digital Lottery Platform စနစ်သစ်ကို စတင်မိတ်ဆက်အသုံးပြုနိုင်ခြင်းပင်ဖြစ်။
- အကျိုးဆက်အဖြစ် အနာဂတ်တွင် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုတိုးတက်စေရေး၊ နိုင်ငံတော်၏ဒီဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချစေရေး (Cashless Society) အစရှိသည့် ကောင်းကျိုးများစွာတို့အတွက် အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်။
Add new comment