နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်ပွဲအခမ်းအနားကျင်းပ

        နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဇွန်လ ၆ ရက်၌ တေဇောဓာတ်ပူဇော်ခဲ့သည့် သတင်းကို   ၇-၆-၂၀၂၃ ရက်ထုတ် Information Sheet သတင်းလွှာတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ဇွန်လ ၇ ရက်တွင် ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား တေဇောဓာတ်ပူဇော်ခဲ့သည့် လောင်တိုက်တော်ပေါ်သို့ တက်ရောက်၍ သရီရအရိုးဓာတ်ပြာတော်များကို အုန်းစိမ်းရည် များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ရတနာ၊ ရွှေအိုး၊ ငွေအိုးများနှင့် ရွှေအိတ်၊ ငွေအိတ်များတွင် ထည့်သွင်းပူဇော်ကြပါသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ နောက်ဆုံးတောင်းပန်ကန်တော့ခြင်းများ ဆောင်ရွက်ကြပြီးနောက် ကရဝိက်ဖောင်တော်ယာဉ်ဖြင့် ရေမျှောပူဇော် သဘင်ကျင်းပ မည့် မရမ်းခြံဆိပ်ကမ်းနေရာသို့ ပင့်ဆောင်ကြပါသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော်အမှူးပြု၍ ဆရာတော်သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗန်းမော် ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ကရဝိက်ရွှေဖောင်တော်ရေယာဉ်ပေါ်သို့ ပင့်ဆောင်၍ ရေမျှောပူဇော်မည့်နေရာ၌ ရေမျှောပူဇော်ကြပြီးနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်ရာတွင် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများက ရွှေကိန္နရီ၊ ပွင့်ဖြူ၊ ပြဒါးပျံ၊ ပတိုင်း၊ ပိတောက်ရေယာဉ်များဖြင့် ခြံရံလိုက်ပါပူဇော်ကြကြောင်းနှင့်  လမ်းကြောင်း တစ်လျှောက်တွင်လည်း ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က မြစ်ကမ်းပေါ်မှ ဖူးမြော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၆-၂၀၂၃)

 

  • နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော်အမှူးပြု၍ ဆရာတော်သံဃာတော်များ၊ တာဝန်ရှိသူများက ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ကရဝိက်ရွှေဖောင်တော်ရေယာဉ်ပေါ်သို့ ပင့်ဆောင်၍ ရေမျှောပူဇော် မည့်နေရာ၌ ရေမျှောပူဇော်ကြပြီးနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့။
  • ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်ရာတွင် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ တပည့်ဒါယကာ၊  ဒါယိကာမများက ရွှေကိန္နရီ၊ ပွင့်ဖြူ၊ ပြဒါးပျံ၊ ပတိုင်း၊ ပိတောက်ရေယာဉ်များဖြင့်  ခြံရံလိုက်ပါပူဇော်ကြပြီး  လမ်းကြောင်းတစ်လျှောက်တွင်လည်း ရဟန်းရှင်လူပြည်သူအပေါင်းတို့က မြစ်ကမ်းပေါ်မှ ဖူးမြော်ခဲ့။

Add new comment