ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

      အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၇ ရက် တွင် သက်ဆိုင်ရာဌာနအသီးသီး၏ ဧည့်ခန်းမများ၌ လက်ခံတွေ့ဆုံခဲ့ပါသည်-

  • အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်မှုချိတ်ဆက်ရေးနှင့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

  • ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံစဉ် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ The Global New Light of Myanmar သတင်းစာအဆင့်မြှင့်တင်ပြောင်းလဲရေးနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးသတင်းများ ထည့်သွင်းဖော်ပြပေးရေး၊ အိန္ဒိယနိုင်ငံ၌ ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းကျောင်းများတွင် မြန်မာနိုင်ငံမှ သင်တန်းသားများ ပိုမိုတက်ရောက်နိုင်ရေး၊ ပြည်ပမီဒီယာများ စိတ်ဝင်စားသည့်သတင်းနှင့် သတင်းပုံစံကျဖော်ပြနိုင်ရန် ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့။

  • စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဒေသခံပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများမြှင့်တင်ရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှ ပိုမိုသိရှိရေးတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၆-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှ ပိုမိုသိရှိရေးတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

 

Add new comment