အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၆ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- အလွန့်အလွန်အားကောင်းသော (မိုခါ) မုန်တိုင်းနှင့်စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုပေါ်မူတည်ကာ သက်ဆိုင်ရာကော်မတီအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြကြောင်း။
- နိုင်ငံတော်အဆင့်အနေဖြင့် တပ်မတော်အရာရှိကြီးများကို တစ်မြို့နယ်လျှင် တစ်ဦးခန့်အပ်တာဝန်ပေး၍ တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်း၊ အလားတူအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များကိုလည်း စစ်တွေမြို့တွင် ရုံးထိုင်စေပြီး အပျက်အစီးများ အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်စေလျက်ရှိကြောင်း။
- အလှူရှင်များလှူဒါန်းသည့်ပစ္စည်းများ၊ သဘာဝဘေးရန်ပုံငွေမှ ဝယ်ယူဖြည့်တင်းထားသည့် ပစ္စည်းများကို သဘာဝဘေးသင့်ဒေသများသို့ တပ်မတော်လေယာဉ်၊ ရေယာဉ်များအပြင် အရပ်ဘက် မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်များနှင့်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း။
- ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီများ၏ အားကျိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဇွန် ၁ ရက်တွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ကျောင်းများအပြင် အဆင့်မြင့်ပညာကျောင်းများပါ ဖွင့်လှစ်နိုင်ခဲ့ကြောင်း။
- ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်း၊ ဆေးရုံစသည်ဖြင့် ဦးစားပေးအဆင့်အလိုက် အဆောက်အဦများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရာသီဖြစ်သည့်အတွက် တောင်သူများအတွက် လိုအပ်သည့်မျိုးစေ့များနှင့် လယ်ယာသုံး ကိရိယာစက်များကိုလည်း အမြန်ဆုံးဖြည်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က မုန်တိုင်းကြိုကာလနှင့် မုန်တိုင်းဖြစ်ပွားစဉ်ကာလအတွင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မုန်းတိုင်းသင့်ဒေသများအတွက် ကူညီထောက်ပံ့ရေးပစ္စည်များ လက်ခံ၊ ဖြန့်ခွဲပေးနေမှုအခြေအနေများအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးတို့က မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် တပ်မတော်အရာရှိကြီးများက တပ်မတော်အနေဖြင့်လည်း မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ ရှေ့ပြေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့မှု၊ ယာဉ်အုပ်စုများဖွဲ့စည်း၍ မုန်တိုင်းဦးတည် ဝင်ရောက်နိုင်သောဒေသများသို့စေလွှတ်ခဲ့မှု၊ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးနေမှု၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၆-၂၀၂၂)
- နိုင်ငံတော်အဆင့်အနေဖြင့် တပ်မတော်အရာရှိကြီးများကို တစ်မြို့နယ်လျှင် တစ်ဦးခန့်အပ်တာဝန်ပေး၍ တာဝန်ထမ်းဆောင်စေလျက်ရှိ၊ အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များကိုလည်း စစ်တွေမြို့တွင် ရုံးထိုင်စေပြီး အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်စေလျက်ရှိ။
- အလှူရှင်များလှူဒါန်းသည့်ပစ္စည်းများ၊ သဘာဝဘေးရန်ပုံငွေမှ ဝယ်ယူဖြည့်တင်းထားသည့် ပစ္စည်းများကို သဘာဝဘေးသင့်ဒေသများသို့ တပ်မတော်လေယာဉ်၊ ရေယာဉ်များအပြင် အရပ်ဘက်မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်များနှင့်ပါ ပို့ဆောင်ပေးလျက်ရှိ။
- ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်း၊ ဆေးရုံစသည်ဖြင့် ဦးစားပေးအဆင့်အလိုက် အဆောက်အဦများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရာသီဖြစ်သောကြောင့် တောင်သူများအတွက် လိုအပ်သည့်မျိုးစေ့များနှင့် လယ်ယာသုံးကိရိယာစက်များကိုလည်း အမြန်ဆုံး ဖြည်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လို။
Add new comment