ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းနိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လ ၅ ရက်အထိ ပြည်နယ် အတွင်းရှိ IDPs စခန်း ၄ ခု ပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု ၇၁၂ စု၊ လူဦးရေ ၃,၈၃၈ ဦးတို့အား ရွေ့ပြောင်းနေရာချထားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန်လ ၆ ရက်တွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်း ၄ ခုမှ မူလကျေးရွာများသို့ ပြန်လည်ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ တပ်ကုန်းရပ်ကွက်ရှိ နှစ်ခြင်း IDP စခန်း၌ သွားရောက်တွေ့ဆုံအားပေးခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က တပ်ကုန်းနှစ်ခြင်းစခန်းနှင့် ဒူကထောင်ရပ်ကွက်နယ်မြေ (၁၄) စခန်းတို့မှ မူလနေရပ်ကျေးရွာများဖြစ်သည့် မြစ်ကြီးနားမြို့နယ်ရှိ တာလောကြီးကျေးရွာ၊ ဝိုင်းမော်မြို့နယ်ရှိ အောင်ဂျာ၊ ဒဘတ်ယန်၊ မလန့်ယန်၊ ဂါးရာယန်ကျေးရွာများ၊ မိုးမောက်မြို့နယ်ရှိ နားလုံကျေးရွာနှင့် ဖားကန့်မြို့နယ်ရှိ ကံဆီးကျေးရွာများသို့ ပြန်လည်ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၁၂၈ ဦးတို့ အတွက် အိမ်ထောင်စု ၁ စုလျှင် ပြည်နယ်အစိုးရအဖွဲ့မှ ဆန် ၁ အိတ်၊ ဆီ ၁ ပိဿာစီနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာ ၁ လစာ၊ ပြောင်းရွေ့ စရိတ် ၁ သိန်းစီနှင့် ကယ်ဆယ်ရေးပစ္စည်းများဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၄,၄၄၅,၈၇၁ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၆-၂၀၂၃)
|
Add new comment