နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာမာလာအောင်သည် မွန်ဂိုလီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းကြီး(AACC)၏ ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနားများသို့ ဇွန်လ ၅ ရက်တွင် Online မှတဆင့် ပါဝင်တက်ရောက်ခဲ့ပြီး ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ AACC အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀ မှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။
ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးနှင့်အတူ Protection of Human Rights within the Constitutional Review ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအား ကျင်းပရာ မြန်မာ နိုင်ငံအပါအဝင် မွန်ဂိုလီးယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တူကီယဲနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများမှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာတမ်းဖတ်ကြား တင်ပြခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာမာလာအောင်က The Improvement of the Protection of Human Rights within Constitutional System in Myanmar ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားတင်ပြရာ “မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး ထိုတိုင်းရင်းသားလူမျိုးအားလုံးအား မည်သည့်နည်းနှင့်မျှ ခွဲခြားမှုမရှိစေရဘဲ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများအားလုံးကို အခြေခံဥပဒေဖြင့် တန်းတူအာမခံပေးထားကြောင်း၊ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ဒေသ တွင်းနှင့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားကြောင်း၊ နိုင်ငံသားများ၏ အခြေခံဥပဒေနှင့်အညီ အကာအကွယ်ပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုင်လျှောက်သည့်နည်းလမ်းဖြင့် အကာအကွယ်ပေးထားကြောင်း တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက် စာတမ်းများကို ဆက်လက်တင်ပြခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၃)
|
Add new comment