၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ ရက်တွင် နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင်-
- မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လာကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ ကြောင်း၊
- ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)”ဟု သတ်မှတ်ထားကြောင်း။
- ယခုနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏ ပြုမူဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အကျိုးဆက်များကို နိုင်ငံများအားလုံး ဖြေရှင်းဆောင်ရွက်ရန်၊ ပလတ်စတစ်ညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ပတ်လည်စီးပွားရေးလုပ်ငန်း(Circular Economy) သို့ အသွင်ကူးပြောင်းရန် အချိန်ကျရောက်ပြီဖြစ်သည်ကို သတိပေးလိုက်ခြင်းပင်ဖြစ်ကြောင်း။
- ပလတ်စတစ်၏ဆိုးကျိုးနှင့်ပတ်သက်၍ ပလတ်စတစ်သည် သဘာဝအလျောက် မပျက်စီးသည့်၊ ပြိုကွဲပျောက်ပျက်ရန်မလွယ်သည့်၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းပြီး အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမှသာ ပြိုကွဲပျက်စီးနိုင်ကြောင်း။
- ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖျောက်ဖျက်ပစ်ရန် မီးရှို့ဖျက်ဆီးမည်ဆိုပါကလည်း ကာဗွန်မိုနောက်ဆိုဒ်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်စသည့် ဓာတ်ငွေ့များထွက်ရှိလာပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အတွက် လူသားများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေနိုင်ကြောင်း။
- ပလတ်စတစ်သည် စတင်ထုတ်လုပ်သည့်အချိန်မှစ၍ အသုံးပြုပြီး စွန့်ပစ်သည့်အချိန်အထိ ၎င်း၏သက်တမ်းတစ်လျှောက်လုံးတွင် သဘာဝပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထုကို ညစ်ညမ်းစေသည်သာမကဘဲ ကုန်းနေရေနေသတ္တဝါများကိုပါ အန္တရာယ်များစွာ ကျရောက်စေကြောင်း။
- ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)က ထုတ်ပြန်သည့် “၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအစီရင်ခံစာ(The State of World Fisheries and Aquaculture 2022)” အရ ပင်လယ်နေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ ရေထုညစ်ညမ်းခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြားအကြောင်းများကြောင့် ရေနေသတ္တဝါများနှင့် ရေသယံဇာတများ ဆက်လက်ကျဆင်းနေသည်ကိုတွေ့ရှိရကြောင်း။
- စွန့်ပစ်ထားသည့် ငါးဖမ်းပိုက်များ၊ ပျောက်ဆုံးသွားသည့် ငါးဖမ်းပိုက်များ၊ အသုံးပြု၍မရတော့သည့် ငါးဖမ်းပိုက်များသည် အဏ္ဏဝါပလတ်စတစ်အမှိုက်သရိုက်များ၏ စိန်ခေါ်မှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေသည်ကို ဖော်ပြထားကြောင်း။
- အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့ရာ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဒေသတွင်း (၂၀၂၁-၂၀၂၅) လုပ်ငန်းအစီ အစဉ်၌ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ”နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက်ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေး ဖြေရှင်းရန် သတ်မှတ်ထားကြောင်း။
- မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်း” ၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်များအပေါ် ကွန်ဗင်း ရှင်းပါ ကတိကဝတ်များနှင့်အညီ “ပတ်ဝန်းကျင်မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ (Environmentally Sound Management)” နှင့် ဆောင်ရွက်လျက်ရှိကြောင်း။
- မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံး ပစ္စည်းများကို စနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံများရှိပြီးဖြစ်ကြောင်း။
- သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျ ပြုပြင်ထိန်းသိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာ ပြုလုပ်နိုင်ကြောင်း။
- ပလတ်စတစ်အစားထိုးစက္ကူမျိုးစုံထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်းအနေဖြင့် မိမိတို့ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- ပြည်တွင်းမှပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ပြည်တွင်းမှာမလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန် ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုတွေမရှိစေရေးအတွက်လည်း အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
- မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလတ်စတစ်ညစ်ညမ်းမှုမှကင်းဝေးပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့(Solutions to Plastic Pollution)” ဆိုသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ညစ်ညမ်းမှုကို လျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း(Reduce)၊ တစ်ခါသုံးပလတ်စတစ်သုံးစွဲမှု ရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း(Reuse)နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း(Recycle)တို့ကို ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးကို မိမိတို့ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားကြပြီး ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို တည်ဆောက်သွားကြ ပါရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုရရှိသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်မှ တာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာမှ တာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံဆုရရှိသည့် Global Earth Seafood Processing Plant and Cold Storage Facility Global Earth ARGO and AQUA Industry Public Company Limited မှ တာဝန်ရှိသူထံလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များကလည်း ဆုရရှိကြသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၃)
- ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)”ဟု သတ်မှတ်ထား။
- မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝ သည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ် အစားထိုးသုံးပစ္စည်းများကို စနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံများရှိပြီးဖြစ်။
- သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျ ပြုပြင်ထိန်းသိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာ ပြုလုပ်နိုင်။
- ပလတ်စတစ်အစားထိုးစက္ကူမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်းအနေဖြင့် မိမိတို့ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်။
- ပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေး ဆောင်ရွက်ရမည်ဖြစ်။
- ပြည်တွင်းမှာမလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန် ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုတွေမရှိစေရေးအတွက်လည်း အထူးအလေးထားဆောင်ရွက်သွားကြရန်လိုအပ်။
Add new comment