နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ တက်ရောက်

      ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဥက္ကဋ္ဌ H.E.Mr. Namseok Yoo ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် “Access to Justice: Constitutional Perspectives” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်က “Constitutional Rights Ensuring Access to Justice” ခေါင်းစဉ်ဖြင့် စာတမ်းကိုဖတ်ကြားတင်ပြရာတွင်-

  • တရားမျှတမှုရရှိစေရေးအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခွင့်အရေးတစ်ရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်းရေးဆွဲထားကြောင်း။
  • ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနိဒါန်းတွင်လည်း တရားမျှတမှုရရှိစေရေးနှင့်စပ်လျဉ်း၍ “နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း (Justice, Liberty and Equality) တည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်း သာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားသည်" ဟုဖော်ပြထားကြောင်း။
  • ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိရေးနှင့် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရပိုင်ခွင့်ပေးရမည်ဟု မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းဖော်ပြထားကြောင်း။
  • ထိုအခွင့်အရေးများကို ချိုးဖောက်ခြင်းခံရပါက နိုင်ငံသားတစ်ဦးချင်းအနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်လျှောက်ထားခြင်းနည်းလမ်းဖြင့် ကုစားခွင့်ရရှိမည်ဖြစ်ကြောင်းစသည်ဖြင့် ဖတ်ကြားတင်ပြခဲ့။

အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions: AACC) ၏ အဖွဲ့ဝင်နိုင်ငံများအနက်မှ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အခြားဖိတ်ကြားထား သည့် နိုင်ငံများမှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး AACC အဖွဲ့ဝင် နိုင်ငံများအကြား တရားမျှတမှုရရှိစေရေးနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေရှုထောင့်အမြင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးအတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၆-၂၀၂၃)

  • အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions: AACC) ၏ အဖွဲ့ဝင် နိုင်ငံများအနက်မှ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အခြားဖိတ်ကြားထားသည့်နိုင်ငံများမှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး AACC အဖွဲ့ဝင်နိုင်ငံများအကြား တရားမျှတမှုရရှိစေရေးနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေရှုထောင့်အမြင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးအတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment