ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား ပို့ဆောင်

      မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။

မေလ ၃၁ ရက်တွင် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉ်တစ်စီးသည် ရေသန့်ကဒ်များ၊ ဒီဇယ်နှင့် ဓာတ်ဆီများ၊ တာပေါ်လင်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးပစ္စည်းပုံးများ၊ မိုးကာလိတ်များ၊ စားသောက်ကုန်များနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၃၄ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဇွန်လ ၁ ရက်တွင် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ၁ ကြိမ် ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါတပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ရောက်ရှိလာ သောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့် မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၆-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့။

Add new comment