အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA၊ TNLA၊ AA ကိုယ်စားလှယ်အဖွဲ့တို့သည် ဇွန်လ ၁ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ ပါတီစုံဒီမိုကရေစီနိုင်ငံရေး စနစ်ခိုင်မာစေရေးကိစ္စ၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာကိစ္စများကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့ကြသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဇွန်လ ၂ ရက်နေ့တွင် ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၅-၂၀၂၃)
|
Add new comment