လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ဇွန်လ ၁ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့သည့် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သဘောတူစာချုပ် (MoU) သက်တမ်းဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လူကုန်ကူးခံရမှုကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံသားများနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစွာ ထုတ်ပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၆-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးအား တွေ့ဆုံစဉ် သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစွာ ထုတ်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment