နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာအားကစားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

     ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၁ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/ နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ကြကြောင်း။
  • မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် အကြိုဗိုလ်လုပွဲ၌ အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိအနိုင်ရရှိကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနိုင်ခဲ့သည့်အတွက် အားကစားဝါသနာရှင် မိဘပြည်သူများကို အတိုင်းအတာတစ်ခုအထိ ကျေနပ်မှု ပေးစွမ်းနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
  • (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစပြီး (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူ အားကစားသမားဦးရေနှင့် ဆုတံဆိပ်ရရှိမှုရာခိုင်နှုန်း တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇) ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၈ ရာခိုင်နှုန်း၊ (၂၈) ကြိမ် မြောက်ပြိုင်ပွဲ၌ ၁၇.၈ ရာခိုင်နှုန်း၊ ( ၂၉ ) ကြိမ်မြောက်ပြိုင်ပွဲ၌ ၉.၆၈ ရာခိုင်နှုန်း၊ (၃၀) ကြိမ်မြောက်ပြိုင်ပွဲ၌ ၇.၆၆ ရာခိုင်နှုန်း၊ (၃၁) ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၁.၅၂ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရပြီး (၃၂) ကြိမ်မြောက်ပြိုင်ပွဲ၌ ၃၃.၄၃ ရာခိုင်နှုန်းအထိ ရရှိခဲ့သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း အမြင့်မားဆုံး ပြိုင်ပွဲဖြစ်သည်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း။
  • နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများ ဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်မယ်များအား ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းပင်ဖြစ်ပါကြောင်း။
  • ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီယှဉ်ပြိုင်နိုင်မည့် အားကစားနည်းအရေအတွက်ရော အားကစားသမားအရေအတွက်ပါ တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက် ပိုမိုအောင်မြင်မှု ရရှိစေရေး ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၃ ဦး၊ ခြင်းလုံးအားကစားနည်းမှ အမျိုးသား၊ အမျိုးသမီးအသင်းများ၊ ဘိလိယက်/စနူကာအားကစားနည်းမှ အမျိုးသား ၃ ဦး၊ ဝူရှူးအားကစား နည်းမှ အမျိုးသမီး ၁ ဦး၊ ရိုးရာလှေလှော်ပြိုင်ပွဲအားကစားအသင်း၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အမျိုးသား ၁ ဦး၊ အလေးမအားကစားနည်းမှ အမျိုးသမီး ၁ ဦး၊ ပီတန်းအားကစားနည်းမှ အမျိုးသမီး ၁ ဦးတို့အားလည်းကောင်း၊ အထူးဆုအဖြစ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသမီး ဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ငွေတံဆိပ် ဆုရရှိခဲ့ကြသည့် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦး၊ ပိုက် ကျော်ခြင်းအားကစားနည်းမှ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ခြင်းလုံး၊ ရိုးရာလှေ၊ ဝူရှူး၊ ခွန်ခမာ၊ ဂျူဒို၊ ဘောလုံး၊ ကြက်တောင်၊ ဗိုဗီနမ်၊ ဘိလိယက်/စနူကာ၊ တိုက်ကွမ်ဒို၊ အလေးမ၊ လက်ဝှေ့၊ စစ်တုရင်၊ ပြေးခုန်ပြစ်၊ ခရစ်ကတ်၊ E Sports အားကစားနည်းတို့တွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရအားကစားသမားများကိုယ်စား ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခုရရှိသော ဝူရှူးအားကစားသမား မစန္ဒီဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသူများကို ထိုက်တန်စွာဖြင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ရာ တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၂၀၀ ၊ ကြေးတံဆိပ်ရရှိခဲ့သူများကိုကျပ်သိန်း ၁၀၀ ၊ အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများ နှင့် အုပ်ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီပေးအပ် ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေအနေဖြင့် ငွေကျပ်စုစုပေါင်း ၃,၃၃၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၇ သောင်းဖြစ် ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၆-၂၀၂၃)

  • (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့။
  • နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများ ဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်မယ်များအား ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းပင်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထူးဆုအဖြစ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၅၀,၀၀၀နှင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့။
  • (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသူများကို ထိုက်တန်စွာဖြင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေအနေဖြင့် ငွေကျပ်စုစုပေါင်း ,၃၃၃ သန်းနှင့် အမေရိကန်ဒေါ်လာ သောင်းဖြစ်။

Add new comment