နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေလ ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)စီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သံရည်ကျိုအလုပ်ရုံ Melt Shop-1 ဆိုင်ရာအချက်အလက်များ၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း စက်ရုံစီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် စက်ရုံပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်ရာတွင် ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မိမိတို့နိုင်ငံတွင် သံနှင့် သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ်တန်ချိန် ၂ သန်း ခန့်ရှိပြီး ပြည်ပငွေများစွာ သုံးစွဲနေရသောကြောင့် ယခင်အစိုးရလက်ထက်က ရပ်တန့်ခဲ့သည့်စက်ရုံအား ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
- စက်ရုံအနေဖြင့် လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေးအဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း။
- မိမိတို့နိုင်ငံ၏ သံနှင့် သံမဏိလိုအပ်ချက်ကို ယခုစက်ရုံနှင့် ပင်းပက်စက်ရုံတို့မှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း။
- နောင်အနာဂတ်တွင် စက်ရုံသို့ ပို့ဆောင်မည့်ကုန်ကြမ်းများ၊ စက်ရုံမှထွက်ရှိလာသည့် သံနှင့် သံမဏိပစ္စည်းများကို လျှပ်စစ်ရထားအသုံးပြု၍ သယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေးအတွက်လည်း ရေရှည်ကိုမျှော်တွေး၍ တွက်ချက်ဆောင် ရွက်ထားရှိရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သံမဏိစက်ရုံအတွင်း သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 သို့ရောက်ရှိကာ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)၊ Melt Shop-1 ပြန်လည်စတင်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Melt shop-1 သံရည်ကျိုခြင်းနှင့် လေးထောင့်သံမဏိတုံး Billet ထုတ်လုပ်ခြင်းလုပ်ငန်းအား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးခဲ့ပြီး Melt shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာန၌ သံရည်ကျိုလုပ်ငန်းများဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ်သံရည်ကျိုပုံလောင်းဌာနမှ ၉ မီတာ အရှည်ရှိ သံမဏိလေးထောင့်တုံး(Steel Billet)များ ထုတ်လုပ်နေမှုကို တစ်ခုချင်း အသေးစိတ်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ Melt shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာနမှ ၂၀၂၃ ခုနှစ်၊ မတ် ၂၄ ရက်တွင်ထုတ်လုပ်ခဲ့သည့် သံမဏိလေးထောင့်တုံး Billet ပေါ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ပပညာရှင်များအတွက် သစ်သီးခြင်းကို ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Melt Shop-2 သို့ရောက်ရှိပြီး စက်ပစ္စည်းများတပ်ဆင်နေမှု အခြေအနေများကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် စတင်ထုတ်လုပ်ခဲ့သည့် သံမဏိပြားများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါစက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင်တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် စတင်စာချုပ်ချုပ်ဆိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် Malt Shop-2 အလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကို စတင်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီဖြစ်သော်လည်း ၂၀၁၇ ခုနှစ်၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်မှစ၍ စီမံကိန်းရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃,၉၃၂ ဒသမ ၈၈၂ သန်းရှိပြီဖြစ်ပြီး စီမံကိန်းပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း၊ ထိုသို့စီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ပေးဆပ်ခဲ့ရကြောင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင်ဖြစ်ပြီး သံနှင့်သံမဏိထုတ်လုပ်ရေးစီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှ သံနှင့်သံမဏိတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်ပဈေးနှုန်းထက် သက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူသည့်အချိန်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင်ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်အရ သံမဏိစက်ရုံစီမံကိန်းများကို ပြန်လည်စိစစ်၍ လုပ်ငန်းများပြန်လည်စတင်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Phase-1 (Melt Shop-1) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး Phase-1 အပြည့်အဝလုပ်ငန်းလည်ပတ်ချိန်တွင် Phase-2 (Melt Shop-2) အား လုပ်ငန်းလည်ပတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၆-၂၀၂၃)
- မိမိတို့နိုင်ငံတွင် သံနှင့် သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ်တန်ချိန် ၂ သန်းခန့်ရှိ ပြီး ပြည်ပငွေများစွာ သုံးစွဲနေရသောကြောင့် ယခင်အစိုးရလက်ထက်က ရပ်တန့် ခဲ့သည့်စက်ရုံအား ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်။
- စက်ရုံအနေဖြင့် လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 ဆောင် ရွက်ပြီးစီးပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေးအဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လို။
- သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီဖြစ်သော်လည်း ၂၀၁၇ ခုနှစ်၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့ရ။
- ၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်မှစ၍ စီမံကိန်းရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃,၉၃၂ ဒသမ ၈၈၂ သန်းရှိပြီဖြစ်ပြီး စီမံကိန်း ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်းရှိပြီဖြစ်။
- ထိုသို့စီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံး ရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ပေးဆပ်ခဲ့ရ။
- သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင်ဖြစ်ပြီး သံနှင့်သံမဏိ ထုတ်လုပ်ရေးစီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှ သံနှင့် သံမဏိ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်ပဈေးနှုန်းထက် သက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်။
Add new comment