ASEAN-Hong Kong Free Trade Agreement (AHKFTA)၏ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်ကာလအလွန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းမှတစ်ဆင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန်ရည်ရွယ်၍ ဟောင်ကောင်(တရုတ်)-စီအယ်လ်အမ်ဗွီ (CLMV) အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် (HKC-CLMV Online Investment Forum) ကို မေလ ၃၁ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖိုရမ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အာဆီယံနှင့် ဟောင်ကောင်(တရုတ်)တို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်နိုင်စွမ်းရှိသည့် ဒေသများဖြစ်သည်နှင့်အညီ အခမ်းအနားမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်မှုများဖြစ်ထွန်းလာမည်ဟု မျှော်လင့်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်း မဟာဗျူဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုစေပြီး CLMV အဖွဲ့ဝင်နိုင်ငံများပါဝင်မှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
ဟောင်ကောင်(တရုတ်)၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို Video Clip များဖြင့် တင်ဆက်ပြသခဲ့ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ရင်းနှီးမြှုပ်နှံမှုအေဂျင်စီများမှ တာဝန်ရှိသူများကလည်း မိမိတို့နိုင်ငံ၏ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Power Point Presentation များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများအလိုက် စကားဝိုင်းဆွေးနွေးပွဲများ ဆက်လက်ကျင်းပပြီး ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင်နိုင်ငံများအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်သည့် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို စိတ်ဝင်စားစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံရုံးများ၏ကိုယ်စားလှယ်များ၊ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပကုန်သည်စက်မှုအသင်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။
ယခုဖိုရမ်သည် နိုင်ငံအသီးသီးမှ တက်ရောက်ကြသည့် ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးချိတ်ဆက်မှုရရှိခဲ့ကြပြီး CLMV နိုင်ငံများမှ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာအဖွဲ့အစည်း များအကြား ချိတ်ဆက်မှုများ တိုးမြှင့်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၆-၂၀၂၃)
|
Add new comment