ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်

      ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • မေလ ၃၁ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား၌ AQUARIUS သင်္ဘောပေါ်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ဆိပ်ကမ်းပေါ်သို့ ပို့ဆောင်နေမှု အခြေအနေများကိုလည်းကောင်း၊ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် စစ်ရေယာဉ်မြစ်ကြီးနား ဆိုက်ရောက်မှု အခြေအနေကိုလည်းကောင်း၊ ကြည့်ရှုစစ်ဆေးပြီး ရောက်ရှိလာသည့် ပြန်လည်ထူထောင်ရေးပစ္စည်းများအား ဘေးသင့်ဒေသများသို့ ဆောလျင်စွာ ဖြန့်ခွဲပေးပို့နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားကြရန် မှာကြားခဲ့။
  • သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်မြို့ရွာများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားများ၊ Life Straw (ရေနောက်မှ ရေကြည်သို့ သန့်စင်ပေးသည့်)ရေသန့်စက်များ၊ ဆိုလာစနစ်သုံး ရွေ့လျားရေသန့်စက်များဖြင့် ဖြန့်ဝေပေးလျက်ရှိ။
  • ရွေ့လျားရေသန့်ကားများကို စစ်တွေမြို့နယ်တွင် သုံးစီး၊ ရသေ့တောင်မြို့နယ်တွင် နှစ်စီး၊ မင်းပြားမြို့နယ်တွင် တစ်စီးဖြန့်ခွဲပေးပို့ထားပြီး  ထပ်မံရောက်ရှိလာမည့် ရွေ့လျားရေသန့်ကားသုံးစီးကိုလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့သို့   အမြန်ဆုံးပေးပို့သွားမည်ဖြစ်။
  • အဆိုပါရွေ့လျားရေသန့်ကားများသည် တစ်နာရီလျှင် ရေဂါလန် ၈၀၀ သန့် စင်ပေးနိုင်ပြီး  မေလ ၁၆ ရက်မှ ၃၁ ရက်အထိ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အသီးသီး၌ သန့်ရှင်းသော သောက်သုံးရေဂါလန် ၂၈၅,၅၀၀ ဖြန့်ဝေ ပေးနိုင်ခဲ့ပြီးဖြစ်။
  • လျှပ်စစ်ဓာတ်အား မလိုအပ်သည့် တစ်နာရီလျှင် သုံးဂါလန်ခန့် သန့်စင်ပေးနိုင်သော Life Straw (ရေနောက်မှ ရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက်အလုံး ၂၁၀ ကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံမြို့နယ်တို့အတွင်းရှိ ကျေးရွာပေါင်း ၁၄၃ ရွာသို့ ဖြန့်ခွဲပေးပို့ထားပြီးဖြစ်။
  • မြေသားရေစုကန်မှ နောက်ကျိနေသောရေများကို စုပ်ယူသန့်စင်ပေးနိုင်သည့် ဆိုလာသုံးရွေ့လျားရေသန့်စက်သုံးစုံဖြင့် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည်သန့်စင် ဖြန့်ဝေပေးလျက်ရှိပြီး ဆိုလာစနစ်သုံးရေသန့်စက် ၁၇ လုံး ထပ်မံရောက်ရှိလာမည် ဖြစ်ကာ မုန်တိုင်းဒဏ်သင့်မြို့နယ်များအတွင်းရှိ ကျေးရွာသို့ ဆက်လက်ဖြန့်ခွဲပေးပို့သွားမည်ဖြစ်။
  • မေလ ၃၁ ရက်တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မတူပီမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ခင်မောင်အေးနှင့် မြေပုံမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးတို့သည် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ပညာရေးအဆောက်အဦများ၊ လူနေအိမ်အဆောက်အဦများ၊  ကျွဲ/နွားသေဆုံးမှုစာရင်းများ၊ ကယ်ဆယ်ရေးပစ္စည်း ရောက်ရှိဖြန့်ဝေမှုအခြေအနေများနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးတွက်ချက်ရေးကော်မတီ (အင်ဂျင်နီယာအဖွဲ့)၏ တွက်ချက်တင်ပြမှုစာရင်းများအား ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
  • မေလ ၃၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများနှင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA)နှင့် အလှူရှင် များမှ စုပေါင်းလှူဒါန်းမှုဖြင့် ချက်ပြုတ်ပေးပို့ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့။
  • မေလ ၃၁ ရက်တွင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ကျောက်တော်နှင့် မြောက်ဦးမြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လမ်းဘေး ဘယ်/ညာ၌ လဲကျနေသောသစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သောက်သုံးရေသန့်နှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။

ထိုသို့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၆-၂၀၂၃)

 
   
  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူ များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။

Add new comment